HomeCovid 19မော်လမြိုင်တက္ကသိုလ် CBFQ စခန်းမှ ၂၁ ရက်ပြည့် ပြည်တော်ပြန် ၅၀၀ ကျော် နေရပ်သို့ပြန်လွှတ်

မော်လမြိုင်တက္ကသိုလ် CBFQ စခန်းမှ ၂၁ ရက်ပြည့် ပြည်တော်ပြန် ၅၀၀ ကျော် နေရပ်သို့ပြန်လွှတ်

-

ရန်လင်းအောင် (မော်လမြိုင်၊ဧပြီ ၂၁)

မော်လမြိုင်တက္ကသိုလ်တွင် Community Base Facilities Quarantine- CBFQ စခန်း၌ ၂၁ ရက်ပြည့်မြောက်ခဲ့သည့် ထိုင်းနိုင်ငံမှပြည်တော်ပြန် ၅၀၀ ကျော်ကို နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သည်ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောကြားသည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ၂၁ ရက်ပြည့်သွားတဲ့သူတွေကို တိုင်းဒေသကြီးအလိုက် ကားတွေလာခေါ်တယ်၊ ၂၁ရက်နေထိုင်ပြီးကြောင်း ကျန်းမာရေးညွှန်ကြားချက်အရ ကျန်တဲ့ ၇ရက်ကို Home Quarantine လုပ်ဖို့စာရယ် နေထိုင်ရမည့် စည်းကမ်းတွေရယ် ဒါတွေကို မှာကြားလိုက်တယ်” ဟု ၎င်းကပြောသည်။

နေရပ်သို့ ပြန်ရာတွင် လမ်းခရီးအတွင်း လိုအပ်သည့် စရိတ်များကို မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။

Covid 19 ရောဂါပိုးသည် တစ်လကြာလည်း ပြန်ပေါ်နိုင်သည့် ပိုးဖြစ်တာကြောင့် နေရပ်သို့ ပြန်ရောက်ရင် အိမ်မှာပဲနေထိုင်ဖို့နှင့် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်သည့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန် မှာကြားခဲ့သည်ဟု မော်လမြိုင်ခရိုင် ဒုတိယပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာစန်းစန်းအောင်က ဆိုသည်။

“ဒီမှာ သူတို့က ၂၁ရက် ပြည့်အောင် နေထိုင်ခဲ့ကြတာပေါ့နော် ဒီရောဂါပိုးက တစ်လကြာမှပြန်ပေါ်တာလည်း ဖြစ်နိုင်တာပေါ့ နေရပ်ကို ပြန်ရောက်ရင် နောက်ထပ် ၁ပတ်ကို အိမ်မှာ နေပေးပါဆိုပြီး ပြောလည်းပြောတယ် စာရွက်လည်းဝေတယ်ပေါ့နော် ဘယ်မှ မသွားပဲ အိမ်မှာနေဖို့  ရောဂါလက္ခဏာတစ်ခုခုဖြစ်ရင် နီးစပ်တဲ့ ကျန်းမာရေးကို အကြောင်းကြားဖို့ အိမ်သူအိမ်သားတွေနဲ့ သီးခြားနေဖို့  ”ဟု ၎င်းကဆိုသည်။

Community Base Facilities Quarantine ၂၁ ရက် စောင့်ကြည့်ခဲ့ရာတွင်  သေဆုံးသူ တစ်ဦး အပါအဝင်ကို ၉ ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ပြီး ပိုးမတွေ့ရှိခဲ့ကြောင်း ဒေါက်တာစန်းစန်းအောင်က ဆိုသည်။

CBFQ တွင် စောင့်ကြည့်ခဲ့သည့် သူများကို ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် အသိပညာပေးရေး လုပ်ငန်း စိတ်ပိုင်းဆိုင်ရာ အားပေးမှုများကို ပြုခဲ့သည်ဟု မွန်ပြည်နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးကျော်မြင့်က ဆိုသည်။

“ကြက်ခြေနီက ဘာတွေလုပ်လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေလုပ်ပါတယ် ကျန်းမာရေးရဲ့ လိုအပ်ချက်များကိုလည်း ကူညီပါတယ် ၁၄ ရက်ကနေ ၂၁ ရက် ပြောင်းလဲလိုက်တော့ အခါကျတော့ လူရဲ့စိတ်က တစ်မျိုး ဖြစ်လာတာပေါ့လေ အဲ့မှာကျွန်တော်တို့က စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်လိုက်တဲ့ အခါကျတော့ အေးဆေးဖြစ်သွားပါတယ်” ဟု ၎င်းကဆိုသည်။

မော်လမြိုင်တက္ကသိုလ်တွင် CBFQ စောင့်ကြည့်မှု ခံယူခဲ့သည့် ရမည်းသင်းမှ ကိုခင်မောင်ရှင်းက “အစားအသောက်တွေလည်း အဆင်ပြေပါတယ် အများနဲ့ဆိုတော့ အဲလိုပဲ ဖျော်ဖြေရေးတွေလည်း လာပေးပါတယ် စိတ်ဓါတ်မြင့်တင်ရေးက စိတ်ဓါတ်မကျအောင် ဒါကိုယ့်ရဲ့ မြန်မာနိုင်ငံပဲ ကျွန်တော်တို့လည်း (၂၁ ရက် CBFQ ) နေသင့်ပါတယ်” ဟု ဆိုသည်။

ဧပြီလ ပထမအပတ်က ထိုင်းမှနေရပ်ပြန် မြန်မာနိုင်ငံသား ၇၀၀ ရာကျော်ကို မော်လမြိုင်တက္ကသိုလ်တွင် CBFQ အဖြစ် စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဧပြီလ ၂၆၊၂၇၊၂၈ ရက်နေ့တွင် ကျန်ရှိနေသည့် ၂၀၀ ကျော်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်သွားမှာဖြစ်သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

အလားတူ မြဝတီမြို့ CBFQ စခန်းများတွင် ရောက်ရှိနေသည့် ပြည်တော်ပြန် ၉၀၀ ကျော်သည်လည်း Quarantine (၂၁) ရက်ပြည့်ပြီဖြစ်သည့်အတွက်နိုင်ငံတော်အစိုးရအစီစဉ်ဖြင့် ၎င်းတို့နေထိုင်ရာတိုင်းနှင့် ပြည်နယ်အသီးသီးသို့ ယနေ့နံနက်ပိုင်း၌ အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Photo- Quarantine (၂၁) ရက်ပြည့်ပြီးနေရပ်ပြန်ကြသော ပြည်တော်ပြန်များ (Bo Win)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts