အဂ္ဂနွန် (ဧပြီ၊ ၂၁)
မုဒုံမြို့နယ်၊ နိုင်လှုံ လက်တက်ကျေးရွာတို့တွင် ယခုအခါ သောက်သုံးရေရှားပါးခြင်း၊ ရေပြတ်လပ်ခြင်း နွေရာသီရေရှားပါးမှု ပြသနာရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
နိုင်လှုံကျေးရွာ အိမ်ခြေ ၈၀၀ နှင့် လက်တက်ကျေးရွာ အိမ်ခြေ ၄၀၀ တို့က ပြီးခဲ့သော မတ်လကစပြီး သောက်သုံးရေရှားပါးမှုပြသနာကို ကြုံတွေ့ခဲ့ကြောင်း အဆိုပါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ပြောသည်။
“မတ်လလောက်က ကျွန်တော်တို့ရွာမှာ ရေစရှားတာ အခုဆိုရင် ရေရှားနေတာ တစ်လကျော်သွားပြီး ရေစရှားတုန်းကဆိုရင် သုံးပုံ တစ်ပုံလောက်က ရေရှိသေးတယ်၊ နောက်တစ်ဖြည်းဖြည်းရေရှားလာတယ်၊ သင်္ကြန်တုန်းကဆိုရင် ရေခမ်းသွားတယ်၊ ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၁၂၀၀ လောက်ရှိတယ်။”ဟု ၎င်းက ပြောသည်။
နွေရာသီရောက်တိုင်း ရေရှားပါးမှုပြသနာရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် အချိန်ပိုစောလာသည်ကို သတိပြုမိကြောင်း နိုင်လှုံကျေးရွာ အနောက်ပိုင်းရပ်ကွက်နေ မခိုင်မွန်က ပြောဆိုသည်။
“ပူလို ရေရှားတာလာတော့မသိဘူး၊ နွေရာသီမှာ နှစ်တိုင်းပူနေတာဘဲ ဒါပေမယ့် ဒီလောက်တော့ ရေမရှားဘူး၊ မနှစ်က အရှေ့ပိုင်းရပ်ကွက်က ရေနည်းနည်းရှိသေးတယ် ချွေတာသုံးလို့ရသေးတယ်၊ ဒီနှစ်က အရှေ့ပိုင်းရပ်ကွက်လည်း ရေရှားတယ်၊ ခက်ခဲတာပေါ့ ရေသယ်ဖို့ရေခပ်ဖို့ လူတစ်ယောက်အမြဲရှိရတယ်။”ဟု မခိုင်မွန်က ပြောသည်။
သောက်သုံးရေရရှိရေး ရေသယ်ယူ စုဆောင်းနေရပြီး ရေရှည်အတွက် အခက်အခဲများ ရှိလာနိုင်သောကြောင့် ရေရှားပါးမှုပြသနာ ရင်ဆိုင်နေရသည့် ဒေသခံများက စိုးရိမ်နေရခြင်းဖြစ်သည်။
“ကျွန်တော်တို့ဆီမှာ အိမ်ခြေများတာကြောင့် တစ်ရက်ခြားအစီအစဉ်ပေါ့ နိုင်လှုံ တစ်ရက် လက်တက်တစ်ရက် ပြီးတော့ ဘုန်းကြီးကျောင်းပေါ့ အဲ့လိုရေပေးဝေတာလုပ်တယ်၊ နောက်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ့်လည်း ရေသယ်ကြတာပေါ့ ရေရှာတဲ့လူနဲ့ ရေသယ်တဲ့လူက အလုပ်တစ်ခုအနေနဲ့ လုပ်နေရတယ်၊ ရေရှည်အတွက်က လုံးဝမသက်သာဘူး။” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
ရေရှားပါးမှုပြသနာဖြေရှင်းရန် မုဒုံမြို့နယ် ကန်ကလေးကန်မှရေသယ်ဆောင်လာပြီး ဝေငှခဲ့သည်မှာ တစ်လကျော်ကြာခဲ့သောကြောင့် အခက်အခဲများပိုရှိလာခြင်းဖြစ်ကြောင်း၊ ရေရရှိရေးအတွက် သက်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ တင်ပြကာ ရေတွင်းရေတူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးက ပြောသည်။
အလားတူ သထုံ၊ ဘီလင်း၊ ပေါင် နှင့် ကျိုက်မရောမြို့နယ် ကျေးရွာအချို့မှာလည်း သောက်သုံးရေရှားပါးမှုဒဏ် တွေ့ကြုံနေရကြောင်း သက်ဆိုင်ရာဌာနကို တင်ပြလာသောကြောင့် ရေပေးဝေခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ သိရသည်။
မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ဒုလက်ထောက်ညွှန်းကြားရေးမှူး ဦးဝင်းနိုင်က “ရေရှားလို့ ကျွန်တော်တို့ဆီ ဆက်သွယ်လာရင် ကျွန်တော်တို့က ရေသွားဝေပေးပါတယ်၊ ကျွန်တော်တို့ ဝက်ဆိုဒ်မှာရော fecabook မှာရော သက်ဆိုင်ရာကျေးလက်ရုံကို လူတိုင်းဖြစ်စေ စာနဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်လို့ရတယ် ပြောလိုက်တာနဲ့ ဝေပေးပါတယ်၊ ဖုန်းဆက်လည်း ကျွန်တော်တို့ ဝေပေးပါတယ်။” ပြောသည်။
ေနွေရာသီရေရှားပါးမှုပြသနာဖြေရှင်းရန် ရေရှားပါးသည့် ကျေးရွာများမှာ ရေလှောင်ကန်တူးခြင်း၊ အဝီစိတွင်းတူးခြင်း၊ ရေပေးဝေခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။