spot_img
Tuesday, February 17, 2026
More
    spot_img
    HomeCovid 19Covid19 ရောဂါနှင့်ပတ်သက်၍ KNU ဆောင်ရွက်နေမှုကို ကရင်ပြည်နယ် လုံနယ်ဝန်ကြီးကန့်ကွက်

    Covid19 ရောဂါနှင့်ပတ်သက်၍ KNU ဆောင်ရွက်နေမှုကို ကရင်ပြည်နယ် လုံနယ်ဝန်ကြီးကန့်ကွက်

    -

    မွန်သတင်းအေဂျင်စီ(အေပြီ ၁၈)

    မွန်ပြည်နယ် သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာ၊ သိမ်ဆိပ်-ပိန္နဲတော-လေးကေ သွားကားလမ်းမပေါ်၌ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁)မှ Covid-19 ရောဂါနှင့်ပတ်သက်၍ ဖြတ်သန်းသွားလာသူများအား အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ဆောင်ရွက်နေသည့်အပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်စွဲဖြင့် KNU ဗဟိုနှင့် ဆက်ဆံရေးရုံးများသို့ ကန့်ကွက်စာတစ်စောင် ပေးပို့လိုက်သည်။

    KNU အဖွဲ့အနေဖြင့် NCA သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများ မပြုလုပ်စေရေး လက်အောက်ရှိ တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းကြပ်မတ်ပေးနိုင်ပါရန်နှင့် အထက်ပါဆောင်ရွက်မှုအပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကန့်ကွက်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က အကြောင်းကြားခဲ့သည်။

    ခရီးသွားပြည်သူများအနေဖြင့် Covid-19 ရောဂါနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရန်၊ မလိုအပ်ဘဲ ခရီးသွားမှုများကို ရှောင်ရှားရန်၊ တတ်နိုင်သမျှ မိမိနေအိမ်များတွင်သာ နေထိုင်စေပြီး လူစုလူဝေးဖြစ်ပေါ်စေနိုင်သည့် ပွဲလမ်းသဘင်များ ကျင်းပခြင်းမပြုလုပ်ကြရန်တို့အား အသိပေးပြောကြားထားကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ရည်ညွှန်းစာဖြင့် ချပြလာသည်ဟု ဖော်ပြပါရှိသည်။   

    ဧပြီ ၁၅ ရက် နံနက် ၅ နာရီအချိန်မှစ၍ အထက်ဖော်ပြပါ ကားလမ်းမပေါ်၌ KNU တပ်မဟာ(၁) တပ်ရင်း (၂) တပ်ရင်းမှူးအဆင့်ရှိ စောချစ်သူ ဦးစီးအင်အား (၇) ဦးတို့သည် Covid-19 ရောဂါနှင့်ပတ်သက်၍ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မဟာ(၁) နယ်မြေအတွင်း၌ ခရီးသွားပြည်သူများအား နံနက် ၅ နာရီမှ ည ၈ နာရီအထိသာ သွားလာခွင့်ပြုထားကြောင်း လုံနယ်၏ကန့်ကွက်စာတွင် ဖော်ပြသည်။

    အလားတူ KNU ဒူးပလာယာခရိုင်အတွင်း COVID-19 ရောဂါနှင့်ပတ်သက်ပြီး လူတိုင်းလိုက်နာဆောင်ရွက်ရမည့် အရေးပေါ်စည်းမျဉ်းစည်းကမ်းများကို ခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်မှ ဧပြီ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်ပြီး စည်းကမ်းဖေါက်ဖျက်သူများကို ဒဏ်ငွေတစ်သိန်းကျပ် (သို့မဟုတ်) အချုပ်(၄၅) ရက် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်သည်ဟု ဒူးပလာခရိုင် Facebook လူမှုကွန်ယက်စာမျက်နှာတွင် အသေးစိတ်အချက်အလက်များနှင့်တကွ ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် တိုင်းစစ်ဌာချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲကော်မတီ JMC-S ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ KNU ဗဟိုနှင့် ဆက်ဆံရေးရုံးများသို့ သတိပေးကန့်ကွက်ခြင်း အကြောင်းကြားစာ ၉၅ ကြိမ်ထက်မနည်း ပေးပို့ခဲ့ကြောင်း လေ့လာသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks