အဂ္ဂနွန်(ဧပြီ ၁၈)
ရေးမြို့နယ်၊ လမိုင်းမြို့ပေါ်၌ ဧပြီ ၁၇ ရက်နေ့ ည ၁၀ နာရီကျော်ချိန်က လူငယ်အုပ်စုတစ်စုမှ ဓား၊ ဒုတ်၊ အုတ်ခဲ ကိုင်ဆောင်၍ သောင်းကျမ်းခဲ့ကြောင်း မြို့မ(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး နိုင်ဝေက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“သူတို့က လူငယ်တွေပေါ့ အကုန်လုံးက အသက် ၂၀ အောက်တွေ၊ အဓိကတော့ သမီးရည်းစားပြသနာတွေလည်း ရှိကြတာပေါ့၊ နောက်ပြီး လူငယ်တွေက တစ်ရွာနဲ့တစ်ရွာ ဆဲဆိုတာတို့ ရန်ပြုတာတို့ အရင်ကရှိခဲ့ဖူးတယ်၊ ဆိုတော့ အရင်ကတည်းက ရန်ပြုတာတို့ရှိကြတာပေါ့၊ ကြီးကြီးမားမားတော့မဟုတ်ဘူးပေါ့၊ ဟိုရွာက ကိုယ့်ရွာကိုလည်လာကြပြီး ဆိုင်ကယ်အုပ်စုဖွဲ့ပြီး အော်တာဟစ်တာတို့ မကြိုက်တာ အဲ့လိုတွေပေါ့”ဟု နိုင်ဝေက ဆိုသည်။
မော်တော်ဆိုင်ကယ် အစီးရေ ၇၀ ခန့် လူငယ်တစ်စုက လမိုင်းမြို့ထဲ ဝင်လာရောက်ပြီး အိမ်များကို ဒုတ်၊ အုတ်ခဲ ပစ်ပေါက်ခြင်း၊ လမ်းသွားလူများအချို့ကို ရိုက်နှက်သဖြင့် လမ်းသွားလာတစ်ဦး ဦးခေါင်းကွဲ၊ လက်ပွန်း ထိခိုက်ဒဏ်ရိုက်ရရှိ၍ ဆေးရုံတက်ရောက်ကုသခံနေရကြောင်း ၎င်းထံမှ သိရသည်။
“ လူ ၃ယောက်ထိသွားတယ် လမ်းမှာ တွေ့တဲ့လူကို ရိုက်တာထုတာတွေလုပ်တယ်၊ အိမ် ၅ လုံးလောက် ဖျက်စီးခံရတယ် ရေအိုးစင်တို့ ခြံတံခါးတို့ ဖျက်စီးခံရတယ်၊ နောက်ပြီး လမ်းမှာ ရပ်ထားတဲ့ကားတွေကို သူတို့ ရိုက်တယ် ဖျက်စီးတယ်၊ ဆိုင်ကယ်ကို ရိုက်တယ်” ဟု လမိုင်းမြို့ခံ မင်းမွန်ထောက ပြောသည်။
ယမန်နေ့ည ၆ နာရီအချိန်ခန့်တွင် လမိုင်းမြို့က ဆယ်ကျော်သက်လူငယ်များ သောင်ပြင်ကျေးရွာအတွင်း စကားများခဲ့ကြပြီးနောက် သောင်ပြင်ရွာမှ လူငယ် ၃၀ ဦးခန့်ကလမိုင်းမြို့ကို လိုက်လာသည့်အတွက် လမိုင်းနယ်မြေရဲစခန်းနှင့် သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိများ တားဆီးခဲ့ပြီး သောင်ပြင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံအကြောင်းကြားခဲ့ပြီးနောက် ထပ်မံလာရောက်သောင်းကျန်းခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သူ ရေးမြို့လူမှုအကျိုးဆောင်အဖွဲ့ (YSS) မှ ဦးအောင်နိုင်ဝင်းက ပြောသည်။
“ည ၁၀ နာရီခန့်မှာတော့ အာရုတောင်နဲ့ သောင်ပြင်ရွာကလူငယ် ၄၀ ဦးခန့်က ဆိုင်ကယ်အစီး ၃၀ လောက် သောင်ပြင်-လမိုင်းလမ်းအတိုင်းလာရောက်ကာ လမိုင်းမြို့အတွင်းဝင်ရောက်ပြီးမြို့မ ၂ ရပ်ကွက်၊ ဘုရားအနီး လူငယ်တစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ကာ ဓါးနဲ့ခုတ်ခဲ့လို့ ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်ပုခုံး(၃)လက်မပြတ်ရှဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)ရရှိခဲ့ပါတယ်။ဆိုင်ကယ်စီးလူငယ်များက မြို့မ ၃ ရပ်ကွက် နတ်ရေကန်အနီး လူငယ် ၃ ဦး ဆိုင်ကယ် ၃ စီးနဲ့ သီချင်းဆိုနေကြတာ နေအိမ်အတွင်းဝင်ပြေးခဲ့ပေမယ့် ကျန်ရှိနေတဲ့ ဆိုင်ကယ် ၃ စီးကို ရိုက်ချိုးဖျက်ဆီးခဲ့ကြပါတယ်” ဟု ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။
ထိုနောက် လမိုင်းနယ်မြေရဲစခန်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ လမိုင်း-သောင်ပြင်လမ်းအတိုင်း အဆိုပါလူငယ်များ မောင်းနှင်ထွက်ပြေးခဲ့ပြီး အသက် (၁၄)နှစ်အရွယ်(၈)တန်းကျောင်းသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီးနောက် စုစုပေါင်း လူငယ် (၃၇)ယောက်ကို လက်ရှိ ဖမ်းဆီးထိန်းသိမ်းရမိထားကြောင်း ဦးအောင်နိုင်ဝင်းမှ သိရသည်။
သို့ရာတွင် ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ပိုမိုသိရှိနိုင်ရန် မွန်သတင်းအေဂျင်စီက လမိုင်းနယ်မြေရဲစခန်းနယ်ထိန်း အမှုစစ်ကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းကိုလက်ခံပြီးပိတ်ပစ်လိုက်သည်။
လမိုင်းမြို့၏အနီးတဝိုက်ပတ်လည်တွင် မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်၊ တောင်ပုံနှင့် နှစ်ကရင်ရွာများ တည်ရှိနေပြီး ကွန်ကရိလမ်းများအလွယ်တကူ အချိန်မရွေးသွားလာနိုင်ကြောင်း၊ ယင်းဒေသအတွင်းရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲ၍ အုပ်စုဖွဲ့ သောင်းကျန်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့ ယူဆပြောဆိုမှုများရှိနေသည်။