spot_img
Monday, December 23, 2024
More
    spot_img
    HomeCovid 19ထိုင်းပြန် ၂၀ ကျော်အား ဘုရားသုံးဆူမြို့ထဲအဝင်မခံသဖြင့် ရာဘာခြံများတွင်သောင်တင်နေစဉ် ခြံရှင်များမောင်းထုတ်

    ထိုင်းပြန် ၂၀ ကျော်အား ဘုရားသုံးဆူမြို့ထဲအဝင်မခံသဖြင့် ရာဘာခြံများတွင်သောင်တင်နေစဉ် ခြံရှင်များမောင်းထုတ်

    -

    မွန်သတင်းအေဂျင်စီ (အေပြီ ၁၈)

    ထိုင်းနိုင်ငံမှ တရားမဝင်လမ်းကြောင်းဖြင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အနီးသို့ရောက်ရှိလာသော ထိုင်းပြန် ၂၀ ကျော်တို့ကို မြို့ထဲအဝင်မခံသဖြင့် ရာဘာခြံများ၌သောင်တင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ခြံပိုင်ရှင်များလာရောက်မောင်းထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

    “မြို့ထဲအဝင်မခံလို့ ရာဘာခြံထဲမှနေပါတယ် ၄ ညရှိပါပြီ၊ ဒီမှာမနေနဲ့ဆိုပြီး ဒီမနက်မှာခြံရှင်က လာမောင်းထုတ်တယ်၊ ကျနော်တို့မြို့ထဲ ဝင်ချင်တယ်၊ Quarantine ဝင်ရင်လည်း ဝင်မယ်၊ ရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေး၊ ပဲခူးတိုင်းနယ်စုံက ဗမာတွေပဲ၊ မိန်းခလေးတွေလည်းပါလာတယ်၊ အစားအသောက်နဲ့ သောက်ရေသန့်တွေကို ဘုရားသုံးဆူ လူမှုရေးအသင်းအဖွဲ့တွေက လာထောက်ပံ့ပေးနေတယ်” ဟု ထိုင်း-လာအိုနယ်စပ်မှပြန်လာသူ ကိုမြင့်မောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း မတူညီသည့်ဒေသအသီးသီးမှ အဆင်ပြေရာမော်တော်ယာဉ်လိုင်းကားများ အဆင့်ဆင့်လိုက်ပါစီးနင်းခဲ့ပြီး ဘုရားသုံးဆူအနီးရောက်ရှိလာမှသာ ပြည်တော်ပြန်ကြမည့် ဘဝတူထိုင်းပြန်များ ၁၆ ယောက် ယခုလာရောက်ဆုံတွေ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

    သို့ရာတွင် နွေရာသီအတွင်းရာဘာခြံများ၌ မကြာခဏဖြစ်ပေါ်တတ်သော မီးဘေးအန္တရယ်၊ မလိုလားအပ်သောရာဇဝတ်မှုခင်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များ ခေါ်ယူစစ်ဆေးမှု စသည့်အရှုပ်အရှင်းများ မပေါ်ပေါက်စေလို၍ လူစိမ်းများအား မိမိတို့ခြံမြေအတွင်း ဝင်ရောက်ခိုလှုံခွင့် မပေးလိုကြောင်း ဒေသခံခြံပိုင်ရှင်များက မွန်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောကြားခဲ့သည်။

    အလားတူ မြဝတီမြို့သို့ပြန်မည့် ကိုထွန်းထွန်းက “ အေပြီ ၁၅ ရက်ဆိုရင်ပြန်လို့ရပြီလို့ ပထမပြောထားတယ်၊ မဲဆောက်ဘက်ပိတ်ထားတော့ ဘုရားသုံးဆူလမ်းဘက်ပြန်တာပေါ့၊ ဒီရောက်တော့ လကုန်မှပြန်လို့ရမယ်လို့ သိရတယ်၊ ဘာပဲပြောပြော အိမ်အမြန်ပြန်ရောက်ချင်တယ်” ဟု ပြောသည်။

    ၎င်းတို့ထိုင်းပြန် ၆ ဦးပါအဖွဲ့သည် ကြံတောရွာ ဘိုးဘိုးနတ်စင်အနီး ဖျာတစ်ချပ်ပေါ် စခန်းချနေသည်မှာ ၅ ညရှိပြီး ဘုရားသုံးဆူမှ လူမှုရေးအသင်းအဖွဲ့တို့က သောက်ရေသန့်နှင့် ထမင်းဟင်းများ ဝေငှပေးခဲ့သည်ဟု ဆိုသည်။

    ထိုင်းပြန်များကို လိုက်လံကူညီပေးနေသူ ဘုရားသုံးဆူ လူမှုရေးအသင်းမှ ဦးအောင်စိုးက “ သူတို့တစ်တွေကို ဘုရားသုံးဆူမြို့က စစ်ဆေးရေးစခန်းတွေမှာ ပြန်လည်စိစစ်ပြီးတော့ ပြည်နယ်အစိုးရရဲ့လမ်းညွှန်မှုနဲ့အတူ သူတို့ကို မြန်မာပြည်ထဲ ရွှေ့ပြောင်းစေချင်ပါတယ်၊ ဒီမှာဆိုလို့ရှိရင်သူတို့အတွက် ဆိုးဝါးတဲ့ရလဒ်၊ လက္ခဏာများသာ ရရှိမှာပါ”ဟု ဆိုသည်။ 

    လက်ရှိသောင်တင်လျက်ရှိသော ထိုင်းပြန်များကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးရှိ Quarantine စခန်းများသို့ ပြောင်းရွှေ့ပေးနိုင်ရန် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာအစိုးရဌာနများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး မကြာမီရွှေ့ပြောင်းနိုင်လိမ့်မည်ဟုယူဆကြောင်း ဦးအောင်စိုးက ဆက်ပြောသည်။

    ထို့အတူ လွန်ခဲ့သည့် သီတင်းပတ်အတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းနှင့် ကြံတောရွာတို့တွင် ၄ ညကြာမျှသောင်တင်ခဲ့သော ထိုင်းပြန် ၁၄၂ ဦးတို့ကို အေပြီလ ၁၂ ရက်နေ့က ကြာအင်းဆိပ်ကြီးနှင့် မွန်ပြည်နယ် Quarantine စခန်းများသို့ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များက လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် Covid 19 ရောဂါထိန်းချုပ်ကာလအတွင်း ထိုင်းနိုင်ငံမှ နေရပ်ပြန်သူများအနေဖြင့် ဂျပန်ရေတွင်းနှင့် ကြံတောရွာ ဝင်ရောက်ဖြတ်သန်းခွင့်ကို ပိတ်ပင်တားမြစ်ထားပြီး လိုက်လံပို့ဆောင်ပေးသူပွဲစားများအား ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း အမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

    Photo- ရာဘာခြံများတွင် သောင်တင်နေသည့် ထိုင်းပြန်များ (အောင်စိုး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,400SubscribersSubscribe
    spot_img

    Latest posts