spot_img
Wednesday, January 28, 2026
More
    spot_img
    HomeCovid 19ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်း၌ သောင်တင်နေသော ထိုင်းပြန်များအား Quarantine စခန်းများသို့ ယနေ့ပို့ဆောင်မည်ဟုဆို

    ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်း၌ သောင်တင်နေသော ထိုင်းပြန်များအား Quarantine စခန်းများသို့ ယနေ့ပို့ဆောင်မည်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ(အေပြီ-၁၂)

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဂျပန်ရေတွင်း၌ လက်ရှိ သောင်တင်နေသော ထိုင်းပြန်များအား Quarantine စခန်းများသို့ ယနေ့တွင် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက ပြောသည်။

    ဦးတင်မျိုးဦးက “ကျနော်တို့ ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ထားပြီးပြီ၊ လက်ရှိပြည်တော်ပြန်အားလုံးကို စောင့်ကြည့်ရေးစခန်းသွင်းမယ်၊ ကရင်ပြည်နယ်ကလူတွေကို ကရင်ပြည်နယ်ထဲမှာပေါ့၊ သူတို့ရွာအုပ်ချုပ်ရေးမှူး တာဝန်ယူပြီးလာခေါ်ရင်တော့ သူတို့ရွာကိုသွားလို့ရတာပေါ့။ မွန်ပြည်နယ်ကလူတွေကျတော့ မွန်ပြည်နယ်ကို တိုက်ရိုက်ချပေးဖို့ရှိတယ်၊ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ကလူတွေကျတော့ ကျနော်တို့ဆီမှာပဲ ၁၄ ရက် Quarantine ထားမှာပေါ့” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကရင်ပြည်နယ်တွင် ၁၄ ရက်ကြာ Quarantine စောင့်ကြည့်ပြီးပါက သက်ဆိုင်ရာမိမိဒေသတို့ ဆက်လက်ပြန်သွားနိုင်ရန် ထောက်ခံချက်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    “ ပြည်တော်ပြန်တွေကို နောက်ထပ်ပြီးပို့လာမယ့် ပွဲစားတွေကိုလည်း မွန်ပြည်သစ်က ဖမ်းမယ်၊ ထောင်ဒဏ် ၃ လနဲ့ ဒဏ်ငွေပါပေါ့၊ အခုလိုတားဆီးပေးတာကို ကျနော်တို့ကျေးဇူးတင်တယ်၊ ပွဲစားတွေက ပိုက်ဆံရပြီးရော၊ ထိုင်းမှာအလုပ်အကိုင်မရှိတော့ လူတွေကတော့ ပြန်လာနေဦးမှာပဲ၊ အခု ဂျပန်ရေတွင်း အဝင်မခံတော့ဘူးဆိုတော့ ပွဲစားတွေက တစ်နေရာရာမှာ သွန်ချထားမှာကို ကျနော်တို့စိုးရိမ်ရတယ်” ဟု ဦးတင်မျိုးဦးက ဆက်ပြောသည်။

    ထို့အတူ အစိုးရအာဏာပိုင်များက ခရီးဆက်လက်သွားခွင့်မပြုသဖြင့် ထိုင်းပြန် ၁၀၀ ကျော်ဂျပန်ရေတွင်း၌ ၂ ည သောင်တင်နေရခြင်းဖြစ်ကြောင်း၊ Covid 19 ရောက်ဂါမပြန့်ပွားစေရေးအတွက် ထိုင်းပြန်များအား ဂျပန်ရေတွင်းနှင့် ကြံတောရွာသို့ နောက်ထပ်အဝင်ခံတော့မည်မဟုတ်သလို လိုက်လံပို့ဆောင်ပေးသည့် ပွဲစားများအား မွန်ပြည်သစ်ပါတီက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူအုပ်ချုပ်ရေးဒေသ အတွင်းရေးမှူး မင်းချမ်းမွန်က ပြောသည်။

    “ကျနော်တို့ဆီမှာ အခုရောက်နေတဲ့ လူအယောက် ၁၀၀ ကျော်ကို ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့လာခေါ်မယ်လို့ ပြောထားတယ်၊ နောက်ထပ် ပြန်ဝင်လာမယ့်လူတွေကလည်း ကျနော်တို့နိုင်ငံသားတွေ ကျနော်တို့လူမျိုးတွေပဲဖြစ်ကြတဲ့အတွက် လုံဝလက်မခံဘူးလို့လည်း ပြောလို့မသင့်ပါဘူး၊ အကယ်၍ ရောက်လာခဲ့ရင်လည်း အာဏာပိုင်တွေနဲ့ဆက်သွယ်ပြီး လိုအပ်သလိုဆောင်ရွက်သွားဖို့ စဉ်းစားထားတယ်” ဟု မင်းချမ်းမွန် ဆိုသည်။

    ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၃ သန်းခန့်အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်းကြပြီး အများစုမှာ မွန်နှင် ကရင်ပြည်နယ်တို့မှ အများဆုံးဖြစ်ကြောင်း၊ တရားဝင်နိုင်ငံဖြတ်ကျော်ဂိတ်မရှိသော်လည်း နေရပ်ပြန်လာသည့်အခါ ခရီးမိုင်အတိုဆုံးဖြစ်သည့် ဘုရားသုံးဆူတောင်ကြားလမ်းကို ရွေးချယ်လေ့ရှိပြီး ပွဲစားများက အလုပ်နေရာမှ မိမိရပ်ရွာနေအိမ်များအရောက် အခကြေးငွေယူ၍ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။ 

    မြန်မာနိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ COVID-19 ကူးစက်ခံလူနာ ၃၈ ဦးရှိသည့်အနက် ၃ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ ဓါတ်ခွဲအတည်ပြုခံရသူ ၂ ထောင်ကျော်ရှိသည့်အနက် မြန်မာနိုင်ငံရွှေ့ပြောင်းလုပ်သား ၉ ဦးရှိကြောင်း သတင်းရရှိသည်။

    Photo- ဂျပန်ရေတွင်းနေရာတဝိုက်တွင် ထိုင်းပြန်များအိပ်စက်နေရပုံ (Saikamar Nonramarn)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks