Thursday, March 12, 2026
More
    spot_img
    HomeCovid 19ထိုင်းပြန်များကို လိုက်ပို့သည့်ပွဲစားများအား မွန်ပြည်သစ်ပါတီ အရေးယူတော့မည်

    ထိုင်းပြန်များကို လိုက်ပို့သည့်ပွဲစားများအား မွန်ပြည်သစ်ပါတီ အရေးယူတော့မည်

    -

    မွန်သတင်းအေဂျင်စီ (အေပြီ-၁၁)

    Covid 19 ရောဂါကာလအတွင်း ထိုင်းနိုင်ငံမှ နေရပ်ပြန်သူများအနေဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာနှင့် ကြံတောရွာသို့ ဝင်ရောက်ဖြတ်သန်းခွင့်ကို ယနေ့မှပိတ်ပင်တားမြစ်လိုက်ပြီး လိုက်လံပို့ဆောင်ပေးသူပွဲစားများအား ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်သည်။

    မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူဒေသအုပ်ချုပ်ရေး အတွင်းရေးမှူး မင်းချမ်းမွန်က “အထူးသဖြင့် လူလိုက်ပို့တဲ့ ပွဲစားတွေကိုပြောချင်တယ်၊ ဒီနေ့ကစပြီး ဂျပန်ရေတွင်း ကြံတောဘက်ကို လူလုံးဝပို့မလာပါနဲ့၊ ဖမ်းမိရင်တော့ ဒဏ်ငွေ ဘတ်ငါးသောင်း ဒါမှမဟုတ်ရင် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ လအပြင် ဒဏ်ငွေ ၃ သောင်းလည်းပေးဆောင်ရမယ်လို့ ဗဟိုကညွှန်ကြားထားတယ်” ဟု ဆိုသည်။

    အလားတူ ပြည်ပနိုင်ငံမှ ပြန်လာသူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအကြီးအကဲများထံ မပျက်မကွက်သွားရောက်သတင်းပို့ရန်နှင့် သက်ဆိုင်ရာမှ သတ်မှတ်ပေးသော စောင့်ကြည့်ရေးစခန်း Quarantine ၌ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း Covid 19 နှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ဒေသန္တရစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ပျက်ကွက်ပါက ဒဏ်ငွေကျပ် ၅ သိန်း(သို့မဟုတ်) အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ လ ကျခံရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုမှ ယနေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။



    Photo-လူပွဲစားများအား ဖမ်းဆီးမည့် မွန်ပြည်သစ်ပါတီအမိန့်စာ(Copy)

    ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက “ပွဲစားတွေနဲ့ပတ်သက်ပြီး ကျနော်တို့တစ်ခုစိုးရိမ်ပါတယ်၊ ဝင်းက-ဘုရားသုံးဆူကြား နမ်းပကိတ်ထိုင်းစစ်သားဂိတ်မရောက်ခင် လမ်းတစ်ဝက်မှာ ထိုင်းပြန်တွေကို ပစ်ချထားမှာကိုလည်း စိုးရိမ်ရတယ်၊ ပွဲစားကတော့ အရောက်ပို့ပေးမှာပဲလို့ တာဝန်ခံမှာပဲ ဒါပေမယ့် မွန်ပြည်သစ်က ဖမ်းမှာဆိုတော့ နေရာအရောက် သူတို့လိုက်ပို့ရဲတော့မှာမဟုတ်ဘူ့း၊ လမ်းမှာတစ်ဝက်တစ်ပျက်ပစ်ချထားရင် ဒုက္ခတစ်မျိုးတွေ့ပြန်ပြီ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ လတ်တလော ဂျပန်ရေတွင်းနှင့် ကြံတောရွာ၌ သောင်တင်လျက်ရှိသော ထိုင်းပြန် ၁၀၀ ကျော်အား သက်ဆိုင်ရာစောင့်ကြည့်ရေးစခန်း Quarantine အသီးသီးသို့ မနက်ဖန်တွင် ပို့ဆောင်နိုင်ရန် ကရင်ပြည်နယ်အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ဦးတင်မျိုးဦးက ဆက်ပြောသည်။ 

    အဆိုပါ သောင်တင်နေသော ထိုင်းပြန်များအား ဘုရားသုံးဆူမြို့ခံများက ယနေ့ညနေပိုင်းတွင် ထမင်းဟင်းဘူးများနှင့် ရေသန့်ဗူးများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။



    Photo- ဘုရားသုံးဆူမြို့ခံများက ထမင်းဗူးနှင့် ရေသန့်များလှူဒါန်းစဉ် (အောင်စိုး)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks