Thursday, March 12, 2026
More
    spot_img
    HomeCovid 19ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၌ ထိုင်းပြန် ၁၀၀ ကျော် သောင်တင်နေ

    ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ၌ ထိုင်းပြန် ၁၀၀ ကျော် သောင်တင်နေ

    -

    မွန်သတင်းအေဂျင်စီ (ဧပြီ-၁၁)

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဂျပန်ရေတွင်းရွာအနီး၌ ထိုင်းနိုင်ငံမှပြန်လာသူ ၁၀၀ ဦးကျော်ခန့် ယနေ့တွင် ဆက်လက်သောင်တင်နေကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

    မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်၏ညွှန်ကြားချက်အရ ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိသူများကို ဆက်လက်ခရီးထွက်ခွာခြင်းမပြုတော့ဘဲ ၎င်းတို့ရောက်ရှိနေသော ကြံတောဂိတ်နှင့် ဂျပန်ရေတွင်းဂိတ်အနီးတဝိုက်တွင် နေရာချပေးထားကြောင်း မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူအုပ်ချုပ်ရေးဒေသ အတွင်းရေးမှူး မင်းချမ်းမွန်က မွန်သတင်းအေဂျင်စီကိုပြောသည်။

    “ထိုင်းနိုင်ငံကပြန်လာတဲ့လူတွေက ဘယ်လိုလမ်းကြောင်းတွေကနေ ကျနော်တို့ဆီ ရောက်လာသလဲဆိုတာ မပြောတတ်ဘူး၊ မနေ့က ကျနော်တို့ ဂိတ်ကတားတော့ လူတွေစုလာတယ်၊ စာရင်းကောက်ထားတာ လူအယောက် ၁၀၀ ကျော်ရှိတယ်၊ မွန်၊ ကရင်၊ ထားဝယ် ဗမာ တိုင်းရင်းသားလူမျိုးအစုံပဲ၊ အစားအသောက်ကိစ္စကတော့ အဆင်ပြေသလိုပဲ စီစဉ်နေရတယ်” ဟု မင်းချမ်းမွန်က ပြောသည်။

    အဆိုပါ ထိုင်းနိုင်ငံမှပြန်လာသူများအား ၎င်းတို့၏နေရပ်ပြန်နိုင်ရေးအတွက် မည်ကဲ့သို့ဆက်လက်စီစဉ်ရမည်ကို ဘုရားသုံးသူမြို့ရှိ မြန်မာအာဏာပိုင်များနှင့် ညှိနှိုင်းအကြောင်းထားဆဲဖြစ်သည့်အတွက် လတ်တလောသောင်တင်နေရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    ထိုင်းပြန်များအနေဖြင့် ဂျပန်ရေတွင်းဂိတ်စခန်းအနီးတဝိုက်၌ အမိုးအကာလုံခြုံမှုကင်းမဲ့စွာနှင့် စောင်၊ ခြင်ထောင်များမရှိဘဲ သစ်ပင်များအောက်တွင် အဆင်ပြေသလိုနေထိုင်နေရသည့်အတွက် အခြားရောဂါများ ဝင်ရောက်လာမည်ကိုစိုးရိမ်နေရကြောင်း နယ်စပ်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ BHI တာဝန်ခံ ဆရာမ မိစိုက်ခမားနွန်က ပြောသည်။

    “ဂျပန်ရေတွင်းရွာသားတွေကတော့ ဒီလိုထိုင်းကပြန်လာသူတွေကို သူတို့ရွာထဲအဝင်မခံဘူး၊ ရွာအပြင် မွန်ပြည်သစ်ဂိတ်အနီးအနားမှာပဲဖြစ်သလို နေနေကြရတယ်၊ ကျမတို့ဆေးအဖွဲ့ကတော့ အပူချိန်တိုင်းပေးတာပဲ ရှိတယ်၊ အဖျားရှိရင် ဘုရားသုံးဆူဆေးရုံပို့ဖို့ စီစဉ်ပေးတယ်၊ သူတို့ကို Covid 19 နဲ့ပတ်သက်ပြီး ပညာပေးဟောပြောတာရှိတယ်၊ ဒီလူတွေက ပွဲစားအဆင့်ဆင့်နဲ့လာရတော့ ခရီးကြမ်းတယ်၊ တော်တော်လေးပင်ပမ်းနေကြတယ်၊ ဒီနေရာမှာ ရာသီဥတုက နေ့ပူပြီး ညချမ်းဖြစ်နေတယ်၊ သူတို့အဖျားဝင်မှာ စိုးရိမ်ရပါတယ်၊ ကြည့်ရတာ အလုပ်ကနေ သူတို့ရုတ်တရက်ချက်ချင်းထွက်လာရသလိုပဲ သူတို့လက်ထဲမှာ ငွေအလုံအလောက်ရှိပုံမပေါ်ဘူး၊ အချို့လူတွေလက်ထဲမှာငွေပြတ်နေပြီလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

    ထို့အတူ ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသော ထိုင်းပြန်များကို ကြာအင်းဆိပ်ကြီးမြို့သို့လည်းကောင်း၊ မွန်ပြည်နယ်ပြန်မည့်သူများကို ကျိုက်မရောမြို့သို့လည်းကောင်း အာဏာပိုင်များပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

    ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် မပြန့် ပွားရေးအတွက် ညမထွက်ရ အမိန့်၊ လူစုလူဝေးများနှင့် ခရီးသွားလာမှုများ ကန့်သတ်ခြင်း၊ ပြည်ပအလုပ်သမားများ မိမိအလုပ်နေရာတွင် (၁၄) ရက်ကြာ ဆက်လက်နေထိုင်ရန် အမိန့် များ အပါအဝင် အမိန့် (၁၆) ရပ်ကို မတ်လ (၂၅) ရက်နေ့ ည (၁၂) နာရီက အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေငြာထားပြီး ကန်ချနပူရီပြည်နယ်နှင့် ဆက်သွယ်လျက်ရှိသော မြန်မာနယ်စပ်တလျှောက်လမ်းကြောင်းများကို ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားသည်။

    အလားတူ နိုင်ငံတော်အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု Quarantine ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ်ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ လာမည့်ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် မတ်လ ၃၀ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

    Photo- ထိုင်းနိုင်ငံမှပြန်လာသူများ ဂျပန်ရေတွင်းရွာအနီး ညအိပ်စခန်းတစ်နေရာ (Saikamar Nonramarn)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks