spot_img
Wednesday, January 28, 2026
More
    spot_img
    HomeCovid 19သထုံမြို့ပေါ် ၅ ရပ်ကွက်တွင် အိမ်ထောင်စု ၂၅၀ စုကို စားသောက်ကုန်များထစ်ဝက်ဈေးဖြင့်ရောင်းချ

    သထုံမြို့ပေါ် ၅ ရပ်ကွက်တွင် အိမ်ထောင်စု ၂၅၀ စုကို စားသောက်ကုန်များထစ်ဝက်ဈေးဖြင့်ရောင်းချ

    -

    ရန်လင်းအောင် (သထုံ၊ ဧပြီ ၈)

    လက်ရှိဖြစ်ပေါ်နေသည့် Covid 19 ရောဂါကြောင့် မွန်ပြည်နယ် သထုံမြို့တွင် အလုပ်လက်မဲ့ဖြစ်နေသည့် အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်းများကို  ထစ်ဝက်ဈေးဖြင့် ယနေ့မှစတင် ရောင်းချနေသည်ဟု သထုံမြို့နယ်  မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

    “ဆန်၊ဆီ၊ ကြက်သွန်၊အာလူးပါတယ် အဲ့ဒါကိုရောင်းပေးတယ် ငရုတ်သီးနဲ့ ဆားကိုတော့ အလကားပေးတယ် COVID ကာလမှာ Mask လိုဟာမျိုးကို အလကားပေးတယ် လာဝယ်တဲ့သူတိုင်းကို Maskအလကားဝေပါတယ် ” ဟု ၎င်းက ဆိုသည်။

    စားသောက်ကုန် ပစ္စည်းများကို ဈေးလျော့ရောင်းပေးသဖြင့် အခြေခံလူတန်းစားများ အတွက် ချောင်လည်စေသည်ဟု သထုံမြို့ အောက်ကျင်းရပ်ကွက်မှ ဒေါ်အေးခိုင်က ဆိုသည်။

    “ဈေးလျော့ပြီးရောင်းပေးတော့ ချောင်လည်တာပေါ့ စားဖို့သောက်ဖို့ အဆင်ပြေတယ် အပြင်မှာ ဝယ်စားလို့ရှိရင် ၃-၄ ထောင်လောက်ကုန်မယ် ဒီမှာက ၁ ထောင် ၁၅၀၀ လောက်ပဲ ကျတာဆိုတော့ ကျွန်မတို့အတွက် အဆင်ပြေတာပေါ့ ” ဟု ၎င်းကဆိုသည်။

    သထုံမြို့ နန်းခဲရပ်ကွက်မှ ဒေါ်ငယ်က “ဒီလိုရောင်းတော့ ၂ ရက်စာလောက် အဆင်ပြေသွားတာပေါ့ အိမ်မှာ ၇ ယောက်လေ မနက် ၅ ဗူး ည ၅ ဗူး တည်ရတယ် အပြင်မှာထက် အများကြီး သက်သာတယ်” ဟု ဆိုသည်။

    ရပ်ကွက်အလိုက် အခြေခံအိမ်ထောင်စုများ ရွေးချယ်ရာတွင် ငြင်းပွားမှုများ မဖြစ်ပေါ်ရန်အတွက် ရာအိမ်မှူးများဖြင့် စိစစ်ပြီး ရွေးချယ်ခဲ့သည်ဟု နန်းခဲရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က ဆိုသည်။

    “ရှိတာတော့ အများကြီးပေါ့နော် အဲ့ဒီအပေါ်မှာမှ အခြေခံအကျဆုံး အခြေခံပြည်သူတွေပေါ့ ပုံမှန်ဝင်ငွေနည်းတဲ့ Covid 19 ကြောင့်ပေါ့ ချို့တဲ့တဲ့ အိမ်ခြေတွေ စိစစ်ပြီး ကောက်လိုက်တယ် များတာတော့များတယ် အဲ့အပေါ်မှာမှ အဲ့အပေါ်မှာမှ အိမ်ခြေ ၅၀ ကို ပစ္စည်းရောင်းချပေးတယ်ပေါ့” ဟု ဦးဌေးအောင်က ဆိုသည်။

    ရပ်ကွက်အလိုက် ရွေးချယ်ထားတဲ့ အိမ်ထောင်စု ၅၀ စုကို ဧပြီလ ၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရောင်းချပေးသွားမှာလည်းဖြစ်သည်။

    ထိုသို့ရောင်းချရာတွင် အိမ်ထောင်စု ၅၀ အပြင် ကျန်ရှိသည့် အခြေခံ အိမ်ထောင်စုများအတွက်ပါ တစ်ရက်ခြားစီ ရောင်းချစေချင်သည်ဟု အောက်ကျင်းရပ်ကွက် ကန်ညီနောင် ရာအိမ်မှူး ဦးမောင်ပုက ဆိုသည်။

    “စာရင်းကောက်တော့ ကန်ညီနောင်အပိုင်က ၄ အိမ်ရရှိတယ် ဒီ ၄ အိမ်ကိုပဲ ရောင်းချပေးမယ်ဆိုရင် ကျန်တဲ့ ဆင်းရဲသားတွေ အများကြီးရှိတယ် ကျန်အိမ်ကိုလည်း တစ်ရက်ခြားစီ ရောင်းချပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

    အခြေခံစားသောက်ကုန် ရောင်းချရာတွင် သထုံမြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်ကို အိမ်ထောင်စု ၂၅၀ စုအတွက် ရောင်းချပေးနေတာဖြစ်ပြီး စေတနာရှင်များ ပူးပေါင်းမှု များလာပါက အိမ်ထောင်စုများကို တိုးပြီးပေးလာနိုင်မှာဖြစ်သည်ဟု ဦးအောင်ကျော်သူ ကပြောသည်။

    “အခုပေးနေတာကလည်း အကန့်အသတ်ရှိတယ် ရပ်ကွက် တစ်ရပ်ကွက်မှာ အိမ်ထောင်စု အမှန်တကယ်ရှိတာ အိမ်ထောင်စု ၅ရာလည်းဖြစ်ချင်လည်းဖြစ်မယ် ၅ရာထက်ပိုတာလည်း ဖြစ်မယ် စေတနာရှင်တွေ ဒီထက်များလာမယ်ဆိုရင် အိမ်ထောင်စုများများကို ပေးနိုင်မှာပါလိမ့်မယ် ပထမဆုံးရက်ဖြစ်တဲ့ အတွက် အိမ်ထောင်စု ၅၀ကို ပေးနိုင်တယ် စေတနာရှင်တွေပူးပေါင်းတာများရင် အိမ်ထောင်စုများကိုပေးနိုင်တယ်”  ဟု ဦးအောင်ကျော်သူက ဆိုသည်။

    အခြေခံအိမ်ထောင်စုများကို ရောင်းချရာတွင် စေတနာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးမှူးများနှင့် ဆန်ကုန်သည် ကုန်ခြောက်ဆိုင်ရှင်များမှ ပူးပေါင်းပြီး ပြုလုပ်နေတာလည်းဖြစ်သည်။

    Photo-အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များထစ်ဝက်ဈေးဖြင့် ရောင်းချစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks