Tuesday, March 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်မှုအစီစဉ်များဆောင်ရွက်ရန် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ ခရိုင်အသီးသီးသို့ညွန်ကြား

    ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်မှုအစီစဉ်များဆောင်ရွက်ရန် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ ခရိုင်အသီးသီးသို့ညွန်ကြား

    -

    မင်းသစ္စာခိုင်(မတ်လ ၂၅)

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများတွင် ကိုရိုနာဗိုင်းရပ် Covid-19 အတွက် ကာကွယ်မှုအစီစဉ်များ ဆောင်ရွက်သွားရန် သက်ဆိုင်ရာ ခရိုင်နှင့် ကျန်းမာရေးဌာနအသီးအသီးတို့အား မတ်လ ၂၅ ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီမှ ညွန်ကြားချက်တစ်စောင် ပေးပို့လိုက်သည်။

    ပြည်သူလူထုများအနေဖြင့် ကပ်ရောဂါ မကူးစက်နိုင်စေရန် မွန်ပြည်သစ်ပါတီ၏ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဗဟိုကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနအသီးသီးတို့အနေဖြင့် ကိုရိုနာနှင့်ပတ်သက်သော ပညာပေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုရုံးအုပ် နိုင်သူရဌေးက ပြောသည်။

    “ဒီကပ်ရောဂါအပေါ်မှာ အလေးထားစေချင်တယ်။ တိုးတက်နေတဲ့နိုင်ငံကြီးတွေမှာတောင် အများကြီးစိုးရိမ်နေကြတယ်။ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်မှုကလည်း အားနည်းနေတော့ ဖြစ်လာပြီဆိုရင် မတားဆီးနိုင်မှာကို စိုးရိမ်လို့ပါ။ မဖြစ်ပွားခင် ကာကွယ်မှုကို ဂရုစိုက်စေချင်တယ်” ဟု နိုင်သူရဌေးက ဆိုသည်။

    လက်ရှိတွင် သံသယလူနာကို ခေတ္တလက်ခံထားရန်အတွက် ရေးချောင်းဖျားဒေသသရှိ ပနန်းပုံနှင့် ဝယ်ဇင်ဆေးရုံတို့ကို ယာယီပြင်ဆင်ထားကြောင်း မွန်အမျိုးသားကျန်းမာရေးကော်မတီ (MNHC) မှ သိရသည်။

    “လက်ရှိမှာတော့ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားတယ်။ နောက်ပြီး သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ဖို့ စီစဉ်ထားတယ်။ ရောဂါကာကွယ်ရေးအတွက် ပညာပေး လုပ်ငန်းတွေ လုပ်ဖို့ရှိတယ်။ လူစုပြီး ဟောပြောတာမဟုတ်ဘူး။ ဗီနိုင်းတို့ ပန်းဖလက်တို့ ဖြန့်ဝေသွားဖို့ရှိတယ်။ တချို့ကျေးရွာတွေကို ကျွန်တော်တို့ ရွာလှည့်ပြီး ဆော်သြောသွားဖို့ ရှိတယ်” ဟု မွန်အမျိုးသားကျန်းမာရေးကော်မတီမှ ဒု-တာဝန်ခံ နိုင်စိုက်ရော့က ပြောသည်။

    လက်ရှိအနေအထားအထိ ကုသရေးနှင့်ပတ်သက်သော ဆက်စပ်ကရိယာများ အားနည်းခြင်းကြောင့် သံသယလူနာတွေ့ရှိပါက အစိုးရကျန်းမာရေးဌာနနှင့် ချိတ်ဆက်ကုသသွားရန် ညှိနှိုင်းထားကြောင်း သူကဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေတွင် ကိုရိုနာဗိုင်းရပ်ကာကွယ်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်း ၃ ဦးစီ ဖိတ်ခေါ်ပြီး အစီအစဉ်ရေးဆွဲလျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် အလုပ်အမှုဆောင် နိုင်မွန်ချမ်းတိန်းက ဆိုသည်။

    နိုင်မွန်ချမ်းတိန်းက “နိုင်ငံခြားက ပြန်လာတဲ့သူတွေကို (၁၄) ရက် ထားဖို့ကိစ္စကို ကျွန်တော်တို့အစည်းအဝေးမှာ စဉ်းစားသွားဖို့ရှိတယ်။ ဒါပေမဲ့ ထားဖို့နေရာက ရှာရခက်တယ်။ နေရာ အခက်ခဲတော့ရှိမယ်” ဟု ပြောသည်။

    ထို့ပြင် ပွဲလမ်းသဘင်နှင့် လူစုလူဝေးဖြစ်စေသောပွဲများကို ရွှေ့ဆိုင်းထားရန်လည်း ညွှန်ကြားထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုရုံးချုပ်မှ သိရသည်။

    မတ်လ (၂၅) ရက်နေ့ မနက်ပိုင်း ကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံတွင် Vocid-19 ရောဂါပိုးတွေ့ရှိသူ (၃) ဦး ရှိနေပြီ ဖြစ်သည်။

    Photo- ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး မွန်ပြည်သစ်ပါတီညွှန်ကြားချက် (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks