Wednesday, March 18, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ် ထိုင်းအလုပ်ရုံများရပ်နားသဖြင့် အလုပ်သမား ၄၀၀၀ ကျော်အလုပ်မဆင်းနိုင်

    ဘုရားသုံးဆူနယ်စပ် ထိုင်းအလုပ်ရုံများရပ်နားသဖြင့် အလုပ်သမား ၄၀၀၀ ကျော်အလုပ်မဆင်းနိုင်

    -

    မွန်သတင်းအေဂျင်စီ(မတ် ၂၁)

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ ထိုင်းအလုပ်ရုံများ ယနေ့နံနက်ပိုင်းမှစတင်၍  ၂ ပတ်ကြာရပ်နားလိုက်သဖြင့် မြန်မာအလုပ်သမား ၄၀၀၀ ကျော် အလုပ်မဆင်းနိုင်တော့ကြောင်း သတင်းရရှိသည်။

    ကိုရိုနာဗိုင်းရပ်စ် Covid-19 ကူးစက်ရောဂါထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ်အစီအစဉ်အရ ကန်ချနပူရီပြည်နယ်နှင့် ဆက်သွယ်လျက်ရှိသော မြန်မာနယ်စပ်တလျှောက်ကို မတ် ၂၁ ရက်နေ့မှစတင်၍ ခရီးသွားလာခွင့် ယာယီဆိုင်းငံ့ထားမည်ဟု သက်ဆိုင်ရာအာဏာပိုင်တို့ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဘုရားသုံးဆူဒေသရှိ ထိုင်းအလုပ်ရုံများကို ယာယီရပ်နားရခြင်းဖြစ်ကြောင်း စက်ရုံမန်နေဂျာတစ်ဦးက ပြောသည်။

    “ဒီမနက်မှာ နယ်စပ်ဖြတ်ကျော်ဂိတ်ဘက်ကိုသွားပြီး ကျန်တဲ့လုပ်ခသွားရှင်းတာပါ၊ အလုပ်ရုံတွေက အခုလိုလဝက်လောက်ပိတ်ထားမှာဖြစ်လို့ အလုပ်သမားတွေ နေထိုင်စားသောက်ဖို့က ပြဿနာရှိနိုင်တယ်၊ အလုပ်သမားတွေက ကြိုတင်ငွေလိုချင်တယ်လို့ ပြောလာတယ်၊ သူဌေးဆီကို ကျနော်တို့တင်ပြပြီး ခွင့်ပြုရင်တော့ ထုတ်ပေးမှာပါ” ဟု စက်ရုံမန်နေဂျာတစ်ဦးက ပြောသည်။

    ကန်ချနပူရီပြည်နယ်ရှိ ဘုရားသုံးဆူယာယီဂိတ်၊ ဖုနမ်းရွန်း-ထီးခီးနယ်စပ်ဖြတ်ကျော်ဂိတ်၊ စင်ခွန်းအထူးယာယီဂိတ်များတွင် လူ၊ ယာဉ်အသွားအလာနှင့် ပစ္စည်း အဝင်အထွက်အားလုံးကို  ထိုင်းအာဏာပိုင်တို့ ပိတ်လိုက်ခြင်းဖြစ်သည်။ 

    ထို့အတူ ကန်ချနပူရီပြည်နယ်တောင်ပိုင်းရှိ ပရကျွပ်ခီရီခန်ပြည်နယ် နယ်စပ်ဂိတ်အားလုံးကိုလည်းကောင်း၊ မဲဆောက်-မြဝတီ ထိုင်း- မြန်မာချစ်ကြည်ရေးတံတား အမှတ် ၁ ကိုလည်းကောင်း မတ်လ ၂၁ ရက်မှ ဧပြီလ ၃ ရက်အထိ ယာယီပိတ်ထားလိုက်ကြောင်း သတင်းရရှိသည်။

    ယင်းသို့ နယ်စပ်ဖြတ်ကျော်ဂိတ်များ ပိတ်လိုက်သည့်အတွက် အလုပ်သမားများအလုပ်လက်မဲ့ဖြစ်ပေါ်စေပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများစွာကို ထိခိုက်စေကြောင်း တွေ့ရှိရသည်။

    Photo- အလုပ်သမားများကို လုပ်ခလာရောက်ရှင်းပေးနေစဉ် (ဘုရားသုံးဆူ သတင်းပေါင်းစုံ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks