spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဂုဏ်ထူးဆောင်ဆုရရှိသူများတွင် အစိုးရဌာနအရာရှိများနှင့် ဥပဒေချိုးဖောက်ခဲ့သူများပါဝင်နေဟု လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

    မွန်ပြည်နယ်ဂုဏ်ထူးဆောင်ဆုရရှိသူများတွင် အစိုးရဌာနအရာရှိများနှင့် ဥပဒေချိုးဖောက်ခဲ့သူများပါဝင်နေဟု လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

    -

    ရန်လင်းအောင် (မော်လမြိုင်၊ မတ် ၂၀)

    မွန်ပြည်နယ်ဂုဏ်ထူးဆောင်ဆုရရှိသူများတွင် အစိုးရဌာန အရာရှိပုဂ္ဂိုလ်များနှင့် ဥပဒေချိုးဖောက်ခံခဲ့ဖူးသူများပါဝင်နေသည့်အတွက် ပြန်လည်စိစစ်သင့်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုလိုက်သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်း ဥပဒေပုဒ်မ(၅)အရ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်အပ်နှင်းခဲ့ကြောင်း ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က အမိန့်ကြေငြာစာအမှတ် ၅/၂၀၂၀ ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “သူ့မြို့နယ်အလိုက် ကိုယ်စားလှယ်တွေက အကုန်လုံး ရေမြေအခြေအနေ လူမှုစီးပွားနဲ့ ပတ်သက်ပြီး အကုန်လုံးနီးပါးလောက်ကို သိသလောက် သိနေတဲ့ သူတွေပေါ့နော် အဲ့နေရာမှာ ရသင့်ရထိုက်တဲ့ သူတွေ မရဘဲနဲ့ မရသင့်မရထိုက်တဲ့သူတွေ ပါဝင်နေတယ်။  ဘယ်လိုမှ လက်ခံနိုင်စွမ်းမရှိတဲ့သူတွေရနေတယ်” ဟု ဆိုသည်။

    ထို့အတူ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရာတွင် ပြည်သူများအကြား ဝေဖန်သံများထွက်ပေါ်ခဲ့သည့် ဌာနများက စီမံခန့်ခွဲမှု ထူးချွန်ဆု ရသင့်သလားဟု မွန်ပြည်နယ် လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဝေဖန်လိုက်သည်။

    “စည်ပင်သာယာနဲ့ ပတ်သက်ရင် ပန်ကာကိစ္စလိုဟာမျိုး အဝိုင်းကိစ္စလိုဟာမျိုး အများကြီး ဝေဖန်သံတွေထွက်ခဲ့တယ် လွှတ်တော်မှာလည်း သက်ဆိုင်တဲ့ လမ်းဦးစီးလိုဌာန စည်ပင်ဌာနတို့နဲ့ ဘတ်ဂျတ်လိုကိစ္စ ပဲဖြစ်ဖြစ် လုပ်ငန်းပိုင်းဆိုင်ရာပဲဖြစ်ဖြစ် သက်ဆိုင်တဲ့ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေက ထောက်ပြကြတယ် စီမံခန့်ခွဲမှု ထူးချွန်ဆုပေးတယ်ပေါ့နော်” ဟု ဦးအောင်ကျော်သူက ဆိုသည်။

    ယင်းသို့ ဂုဏ်ထူးဆောင်ဆု ရွေးချယ်ရာတွင် ဥပဒေအရ နယ်မြေခံကိုယ်စားလှယ်များနှင့် တိုင်ပင်ခြင်းမရှိဘဲ  ပြစ်မှုကျူးလွန်ထားသူကို ဂုဏ်ထူးဆောင်ဆုပေးခြင်းသည် ဆုရွေးချယ်ရေးကော်မတီကို မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဆိုသည်။

     “ကျွန်တော်မြို့နယ်မှာ ဂုဏ်ထူးဆောင်ဆု ၂ ယောက်ရတဲ့အတွက် ဂုဏ်ယူတယ်၊ ဂုဏ်ယူချင်တယ်ပေါ့နော် ပေးလိုက်တဲ့ ပုဂ္ဂိုလ်က ဘယ်လိုလူမျိုးလဲဆိုတာ နယ်မြေခံကိုယ်စားလှယ်တွေနဲ့ တိုင်ပင်သင့်တယ် ဒါကလည်း ပုဒ်မ ၈၄ အရပြောတာပါ၊ ခုစီးပွားရေး ထူးချွန်ဆုပေးလိုက်တဲ့ ပုဂ္ဂိုလ်မှာ ၂၀၀၅ ဝန်းကျင်မှာပေါ့နော် Grand Royal ဝီစကီနဲ့ တံဆိပ်တုပြုလုပ်မှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်ခဲ့ရပြီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ပုဂ္ဂိုလ် အဲလိုမျိုးကို စီးပွားရေး ထူးချွန်ဆုပေးတယ်” ဟု ၎င်းက ဆိုသည်။

    မွန်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆု ပေးအပ်ရာတွင် ပြန်လည်လေ့လာသင့်ကြောင်းကို မတ်လ ၁၆ ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ အစိုးရသို့ စာပေးပို့ခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

    သို့ရာတွင် မွန်ပြည်နယ်ဂုဏ်ထူးဆောင်ဆု ရွေးချယ်ခံရသူများတွင် ပြစ်ဒဏ်ကျခံရမှုကိုယ်တိုင်ပြောပြနိုင်ပါက ဂုဏ်ထူးဆောင်ဆုပေးမည်မဟုတ်ကြောင်း အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ချေပပြောဆိုသည်။

    “ဥပဒေမှာ ရွေးချယ်ရမဲ့သူရဲ့ အမျိုးအစား တွေပါတယ်၊ ခုရွေးချယ်တာလည်း အဲ့ဒီအမျိုးအစားတွေ အတိုင်းပါပဲ ဝန်ထမ်းထူးချွန် စီးပွားရေး လူမှုရေး အဲ့ဒါကို ကျွန်တော်တို့က ဆုရွေးချယ်ရေး ဥပဒေနဲ့ အညီပဲ ရွေးချယ်တယ်” ဟု ဦးမြင့်သန်းဝင်းက ဆိုသည်။

    မွန်ပြည်နယ်ဂုဏ်ထူးဆောင်ဆုရွေးချယ်ရာတွင် ဆုတစ်ခုချင်းစီအလိုက် စိစစ်ရွေးချယ်ရေးကော်မတီက ရွေးချယ်၍ ပြည်နယ်ဂုဏ်ထူးဆောင်ဆုရွေးချယ်ရေးကော်မတီသို့တင်ပြပြီး  အစိုးရအဖွဲ့ Cabinet အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ခြင်းဖြစ်သည်။

    Photo-မွန်ပြည်နယ်အစိုးရအဖွဲ့ အမိန့်ကြေငြာစာ (Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks