spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအတိုင်ပင်ခံ၏ ကရင်ပြည်နယ်လူထုတွေ့ဆုံပွဲ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟု ဖလုံ-စဝေါ ပါတီခေါင်းဆောင်ဝေဖန်

    အတိုင်ပင်ခံ၏ ကရင်ပြည်နယ်လူထုတွေ့ဆုံပွဲ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟု ဖလုံ-စဝေါ ပါတီခေါင်းဆောင်ဝေဖန်

    -

    မွန်သတင်းအေဂျင်စီ (ဖေဖော်ဝါရီ-၂၅) 

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များ၏ ကရင်ပြည်နယ်လူထုတွေ့ဆုံပွဲများသည် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဖြစ်ကြောင်း ဖလုံ-စဝေါ ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ဝေဖန်လိုက်သည်။ 

    မန်းအောင်ပြည်စိုးက “ဘာပဲပြောပြော အစိုးရက ပြည်သူလူထုနဲ့ တွေ့ဆုံတယ်၊ ဆွေးနွေးတယ်၊ တင်ပြချက်တွေကို နားထောင်တယ်၊ တတ်နိုင်သလောက်ဖြေရှင်းပေးတယ်ဆိုပေမယ့် တဖက်က ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အပေါ်မှာ ဒါရွေးကောက်ပွဲ မဲဆွယ်တာလို့ပဲ ရိုးရိုးသားသား သုံးသပ်ပါရစေ” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့ဝင်တို့သည် ကော့ကရိတ်၊ ကြာအင်ဆိပ်ကြီး၊ မြဝတီနှင့် လှိုင်းဘွဲ့မြို့များ၌ ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ ရက်များအတွင်း လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ရာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့်အတူ သောင်းနှင့်ချီသောဒေသခံများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    “WE STAND WITH YOU ဆိုတဲ့ဆိုင်းဘုတ်ကလည်း တစ်ပြည်လုံးပြန့်နှံ့နေတယ်၊ ဒါကလည်းကျနော်တို့ ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ တနည်းတဖုံ အခြေအနေတစ်ခုခုယူပြီးတော့ ဒါမက်ဆေ့ပေးတယ်လို့ပဲ ရိုးရိုးပြောပါရစေ” ဟု မန်းအောင်ပြည်စိုးက ဆက်ပြောသည်။

    အလားတူ ကချင်၊ ကယား၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် ပြီးခဲ့သည့်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲများ သွားရောက်ကျင်းပခဲ့သည်ကို နိုင်ငံတော်စရိတ်ဖြင့် သွားလာမဲဆွယ်နေကြောင်း တိုင်းရင်းသားပါတီခေါင်းဆောင်အချို့ ဝေဖန်ထောက်ပြခဲ့သည့် သတင်းများ တွေ့ရသည်။

    ဒေါ်အောင်ဆန်းစုကြည်က“ကိုယ်အာဏာရှိတဲ့အခါ ငါ့လုပ်ချင်တာ လုပ်လို့ရတယ်ဆိုပြီးတော့ လုပ်ကြတယ်၊ ရွေးချယ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်ကြတယ်၊ ရွေးချယ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်ကြတော့ တာဝန်တွေမကျေဘူး၊ တာဝန်တွေမကျေတဲ့အခါကျတော့ အာဏာကြောင့် ပျက်စီးသွားတဲ့အဆင့်ကို ဖြစ်တယ်၊ အာဏာရှိလို့ လုပ်ပိုင်ခွင့်ရှိလို့ ဒီဟာကိုမှန်မှန်ကန်ကန်သုံးသွားမယ်၊ မှန်မှန်ကန်ကန်ရွေးချယ်ပြီးတော့ အများအကျိုးအတွက် သုံးသွားမယ်ဆိုရင် ဒါဟာရွေးချယ်ပိုင်ခွင့်မှန်တယ်၊ မှန်လို့ တာဝန်ကျေတယ်၊ တာဝန်ကျေလို့ ကိုယ့်ရဲ့ဘဝဟာ အဓိပ္ပါယ်ရှိတယ်၊ လူတိုင်းဟာ ကိုယ့်ရဲ့ဘဝကို အဓိပ္ပါယ်ရှိအောင် နေနိုင်ပါတယ်” ဟု ကော့ကရိတ်မြို့ လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။  

    သို့ရာတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူထားသည့်အတွက် လူထုတွေ့ဆုံပွဲများ သွားရောက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖော်ဝါရီ ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ်ခရီးစဉ် (MOI) 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks