spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအကြီးစားစီမံကိန်းများ ဝင်ရောက်လာမည်ကို ကုလားကုတ်ကျွန်းဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်

    အကြီးစားစီမံကိန်းများ ဝင်ရောက်လာမည်ကို ကုလားကုတ်ကျွန်းဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်

    -

    မင်းပိုင်(ဖေဖော်ဝါရီ ၂၀)

    မွန်ပြည်နယ် ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းပေါ်၌ ရေနက်ဆိပ်ကမ်း၊ လေယာဉ်ကွင်းစသည့် အကြီးစားစီမံကိန်းများ အကောင်အထည်ဖော်လာမည်ကို ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့် လျှက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် မိုးရာသီကာလအတွင်းက ကုလားကုတ်ကျွန်းအပေါ်ဆိပ်အနီးရှိ ပသျှူးချောင်းမြေနေရာတဝိုက်တွင် အနီရောင်အလံတိုင်များ စိုက်ထူးထားပြီး မြေနီလမ်းအသစ်ဖောက်လုပ်ထားသည်ကို တွေ့ရှိရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    ကုလားကုတ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းစိန်က “အဲဒါက လေယာဉ်ကွင်းလုပ်ဖို့အတွက်လို့ သူတို့ (ရေတပ်) ပြောတယ်။ ဒါပေမယ့် တကယ်ဟုတ်၊ မဟုတ်လည်း ကျွန်တော်တို့မပြောနိုင်ဘူး။ ဘူဒိုဇာ၊ ဘက်ဟိုးစက်ယန္တရားတွေနဲ့ သူတို့စမ်းသပ်နေတယ်” ဟု ပြောသည်။

    အဆိုပါ စီမံကိန်းများနှင့်ပတ်သက်ပြီး ကုလားကုတ်ကျွန်းဒေသခံများ သိရှိနားလည်ထားသူမရှိသလောက်ဖြစ်နေပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေဖြင့်လည်း လာရောက်ရှင်းလင်းချပြတာမျိုးမရှိသေးကြောင်း၊ အကယ်၍ အကြီးစားစီမံကိန်းများအကာင်အထည်ဖော်မည်ဆိုပါက ကုလားကုတ်ကျွန်းရှိ ဒေသခံပြည်သူတို့၏ စီးပွားရေးလုပ်ငန်းများ၊ မြေယာများအပါအဝင် လုပ်ငန်းများအားလုံးပျက်ဆီးဆုံးရှုံးမည်ကို စိုးရိမ်ထိတ်လန့်နေခြင်း ဖြစ်သည်။

    ကုလားကုတ်ကျွန်းနေ နိုင်အောင်မင်းက "ကျနော့်သဘောအရဆိုရင် အဲဒီစီမံကိန်းတွေကို ပေးမလုပ်စေချင်ဘူး၊ လုပ်မယ်ဆိုရင်တော့ ကျနော်တို့အသက်မွေးဝမ်းကြောင်အလုပ် အဓိကဖြစ်သည့် ရေလုပ်ငန်းရော မြေယာလုပ်ငန်းတွေပါ အကုန်လုံး ပျက်စီးသွားမှာသေချာတယ်။ ဒီလိုတွေဖြစ်လာရင် ကျနော်တို့ဘယ်လိုရှေ့ဆက်ရမလဲ၊ ပြီးတော့ ဒီကျွန်းမှာကလည်း တစ်ယောက်စ နှစ်ယောက်စပဲရှိနေတာမဟုတ်ဘူး လူတွေအများကြီးနေထိုင်နေတယ်" ဟု ပြောသည်။

    မွန်ပြည်နယ်ဒေသ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအနေဖြင့် ကုလားကုတ်ကျွန်းတွင် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခုတည်ဆောက်ရန် မွန်ပြည်နယ်အစိုးရနှင့် Bedok Construction & Engineering Co.,Ltd တို့ ၂၀၁၇ ခုနှစ်က နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

    တဖက်တွင်လည်း ကုလားကုတ်ကျွန်းကို မောရဝတီရေတပ်စခန်းက ၂၀၀၁ ခုနှစ်ကသိမ်းယူခဲ့ပြီး  လုံးဝအပြီးအပိုင် ပြန်လည်ပေးအပ်ရန် အစီအစဉ်မရှိကြောင်း ဇွန်လ ၂၄ ရက်နေ့ ပြည်သူလွှတ်တော် ဒဿမအကြိမ်ပုံမှန်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် အတိအလင်း ပြောကြားခဲ့ပြီးဖြစ်သည်။

    မောရဝတီရေတပ်စခန်း ဌာနချုပ်ပိုင် ကုလားကုတ်ကျွန်းမြေ ၃၅၂၅ ဧကကို တပ်ပိုင်မြေအဖြစ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးမဟာဗျူဟာအရ လိုအပ်ချက်ရှိသောအခါ ဒေသန္တရဈေးနှုန်းဖြင့် လျော်ကြေးငွေပေးချေ၍ ဖယ်ရှားမည်ဟု သူကဆိုထားသည်။

    လက်ရှိကုလားကုတ်ကျွန်းကျေးရွာအုပ်စုတွင် အောက်ဆိပ်၊ အလယ်ဆိပ်၊ အပေါ်ဆိပ်နှင့် ပသျှူးချောင်းကျေးရွာရှိ အိမ်ခြေပေါင်း (၁၀၈၈) အိမ်၊ အိမ်ထောင်စုပေါင်း (၁၁၁၃) စု၊၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ (၄၀၀၀) ကျော်နေထိုင်လျက်ရှိပြီး ရေလုပ်ငန်းနှင့် လယ်ယာခြံမြေ စိုက်ပျိုးခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

    ကုလားကုတ်ကျွန်းသည် ရေးမြို့နယ်၊ ဘင်္ဂလားပင်လယ်အော်အတွင်း နှစ်ကရင်နှင့် ကော့ဒွတ်ကျေးရွာအနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တောင်နှင့်မြောက် အလျား ၉ မိုင်ခန့်၊ အကျယ် ၅ ဖာလုံခန့် ရှိသည့် ကျွန်းပြတ်တခုဖြစ်သည်။

    Photo- ကုလားကုတ်ကျွန်းပေါ်ရောက်ရှိနေသည့် စက်ယန္တရားများ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks