spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးလောင်စာအစား ပလပ်စတစ်ပြောင်းလဲ အသုံးပြုရန် MCL စက်ရုံနှင့် ညှိနှိုင်း

    ကျောက်မီးသွေးလောင်စာအစား ပလပ်စတစ်ပြောင်းလဲ အသုံးပြုရန် MCL စက်ရုံနှင့် ညှိနှိုင်း

    -

    မင်းအတွဒ် (မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃)

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ MCL ဘိလပ်မြေစက်ရုံတွင် ကျောက်မီးသွေးလောင်စာအစား ပလပ်စတစ်ပြောင်းလဲ အသုံးပြုရန်ညှိနှိုင်းထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    “တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ ဘိလပ်မြေစက်ရုံအားလုံးကို အစားထိုးဖို့ ဆုံးဖြတ်ချက်ချထားတယ် အဲ့ ဒီဆုံးဖြတ်ချက်နဲ့ အညီပေါ့လေ အဲ့ဒါကို MCLနဲ့ ညှိနှိုင်းတယ် ညှိနှိုင်းပြီးတော့ ကျောက်မီးသွေးနေရာမှာ ပလပ်စတစ်ကို ထည့်ဖို့၊ သဘောကတော့ အားလုံးကို ကျောက်မီးသွေးလျော့ချတာပေါ့”ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ကျောက်မီးသွေး အစားထိုး ပလပ်စတစ်စွန့်ပစ်ပစ္စည်းများကို လောင်စာအဖြစ် အသုံးပြုရန် စက်ရုံမှ သဘောတူပါက စက်ရုံ၏ လောင်စာနည်းစနစ်နှင့် စွန့်ပစ်အမှိုက် ပေးနိုင်မည့် ပမာဏကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

    “ တစ်ခုရှိတာက စက်ရုံ တည်ဆောက်ထားတဲ့အနေအထားက ကျောက်မီးသွေးနဲ့ပဲ လည်ပတ်ရမယ်ဆိုရင် ပလပ်စတစ်အစားထိုးဖို့ နည်းပညာအရ နည်းနည်းပြုပြင်ရမှာပေါ့ ပလပ်စတစ်ကို ပေးမယ်ဆိုလို့ရှိရင် ဆက်တိုက်ပေးဖို့ ဘယ်လောက်ရှိမလဲပေါ့ သူလည်းပြန်ပြင်ရမှာပေါ့ သဘောက ကျွန်တော်တို့က သူလိုချင်တဲ့ ပလပ်စတစ်ကို တစ်နေ့ကို  တန်ဘယ်လောက် ပေးနိုင်မလဲပေါ့” ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးဆုံးဖြတ်အရ ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ရခြင်းလည်းဖြစ်သည်။

    သို့ရာတွင် ကျောက်မီးသွေး အစားထိုး ပလပ်စတစ်ကို အသုံးပြုမည်ဆိုပါက  ဒေသခံပြည်သူများ ဆိုးကျိုးထိခိုက်မှု မရှိစေရန် သေချာစွာ အစီအစဉ်ရေးဆွဲပြီး ဆောင်ရွက်စေလိုသည်ဟု မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ကြည်ကြည်မြက ဆိုသည်။

    “ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး ဒေသခံတွေ လုံးဝလက်မခံကြဘူး။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ပတ်သ က်ပြီး လွှတ်တော်ကော်မတီအဖွဲ့တွေက ကွင်းဆင်းပြီး လေ့လာဆန်းစစ်ချက်တွေကို အစီရင်ခံစာတင်ပြထားတယ် အစိုးရအဖွဲ့အနေနဲ့ ဆက်လက်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်”ဟု ၎င်းကဆိုသည်။

    MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးသုံး၍ လျှပ်စစ်စွမ်းအင် မဂ္ဂါဝပ် ၄၀ ထုတ်ယူသုံးစွဲနေခြင်းကြောင့် အခြားလောင်စာဆီကို ပြောင်းလဲ သုံးစွဲပေးရန် ဒေသခံပြည်သူလူထုများနှင့် သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူများက အကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်လျက်ရှိသည်။

    Photo- MCL ဘိလပ်မြေစက်ရုံ (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks