Tuesday, March 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဗမာ့လွတ်လပ်ရေးတပ်မတော်စတင်ဖွဲ့စည်းခဲ့စဉ်က ထိုင်းနိုင်ငံရောက်မွန်များစွာပါဝင်ခဲ့ဟု မွန်အမျိုးသားနေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မိန့်ခွန်းပြော

    ဗမာ့လွတ်လပ်ရေးတပ်မတော်စတင်ဖွဲ့စည်းခဲ့စဉ်က ထိုင်းနိုင်ငံရောက်မွန်များစွာပါဝင်ခဲ့ဟု မွန်အမျိုးသားနေ့အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မိန့်ခွန်းပြော

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ ၁၂)

    ဗမာ့လွတ်လပ်ရေးတပ်မတော် စတင်ဖွဲ့စည်းစဉ်ကာလနှင့် ဖက်ဆစ်ဆန့်ကျင်ရေး ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုများတွင် ထိုင်းနိုင်ငံရောက် မွန်တိုင်းရင်းသားများစွာပါဝင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့က မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မိန့်ခွန်းတက်ရောက်ပြောကြားခဲ့သည်။

    ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးအတွက် ဗမာ့တပ်မတော်ကို စတင်ဖွဲ့စည်းတဲ့အခါမှာလည်း ထိုင်းနိုင်ငံရောက် မွန်တိုင်းရင်းသားများစွာပါဝင်ခဲ့ပါတယ်၊ ဖက်ဆစ်ဆန့်ကျင်ရေး ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာ မွန်တိုင်းရင်းသားတွေဟာ အခြားတိုင်းရင်းသားများနည်းတူ ရှေ့တန်းကျကျ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်”ဟု ဆိုသည်။

    ယိုးဒယားနိုင်ငံ၌ ၁၉၄၂ ခုနှစ်က ဗမာ့လွတ်လပ်ရေးတပ်မတော် BIA တွင်လည်းကောင်း၊ ဖက်ဆစ်ဂျပန်တော်လှန်စစ်ပွဲတွင်လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ဗမာငါးထောင် (၅၀၀၀)၊ မွန်သုံးထောင်(၃၀၀၀) ပါဝင်ခဲ့ကြောင်း ၁၉၄၆ ခုနှစ် နေသူရိန်ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း အတိအလင်းထုတ်ဖော်ပြောကြားခဲ့သည့် သမိုင်းမှတ်တမ်းများရှိခဲ့သည်။ 

    “သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဗမာပြည်မှာတစ်ဦးတည်းသောဘုရင်မဖြစ်ခဲ့တဲ့ ဘုရင်မရှင်စောပု၊ သာသနာပြုမင်းကောင်းမင်းမြတ်ဖြစ်တဲ့ ဓမ္မစေတီမင်း၊ ကိုလိုနီခေတ်မှာ မျိုးချစ်စိတ်ဓါတ်ထက်မြက်ရေးအတွက် လှုပ်ဆော်ခဲ့တဲ့ GCBA အသင်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးချစ်လှိုင် စတဲ့ဦးစီးခေါင်းဆောင်တွေဟာ ကျနော်တို့ရဲ့ထင်ရှားတဲ့ မွန်တိုင်းရင်းသားများ ဖြစ်ကြပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

    အလားတူ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်ပါက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်လိမ့်မည်မဟုတ်ကြောင်း ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတွင် မိန့်ခွန်းတက်ရောက် ပြောကြားသည်။

    ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျနော်တို့ဟာ လက်ငင်းကာလမှာ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားလူမျိုးအားလုံးရဲ့ တန်းတူညီမျှအခွင့်အရေးတွေကို ရရှိဖို့နဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ အမျိုးသားသွေးစည်းညီညွတ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့ဟာ ယနေ့ကာလရဲ့ ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်” ဟု ပြောသည်။

    ထို့အတူ (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားအတွက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က သဝဏ်လွှာများအသီးသီး ပေးပို့ဖတ်ကြားခဲ့ကြောင်း တွေ့ရှိရသည်။ 

    မွန်တို့၏မင်းနေပြည်တော် ဟံသာဝတီ(ပဲခူး) စတင်တည်ထောင်ခဲ့သည့် ဗုဒ္ဓသာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်သည်။


    Photo-မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ
    (၇၃)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်စဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks