spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့တစ်ခုတက်လာကြောင်း NCA-S EAO ပြော

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့တစ်ခုတက်လာကြောင်း NCA-S EAO ပြော

    -

    မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ-၄)

    အစိုးရနှင့် NCA-S EAO အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့၏ NCA စာချုပ်အကောင်အထည်ဖော်မှုညှိနှိုင်းအစည်းအဝေး JICM ဆုံးဖြတ်ချက်များ ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရေး ၂ ရက်တာတရားဝင်အစည်းအဝေးကျင်းပအပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့တစ်ခုတက်လာကြောင်း ယမန်နေ့သတင်းစာရှင်းပွဲ၌ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက ပြောကြားလိုက်သည်။

     “JICM ရဲ့ ဆုံးဖြတ်ချက် ၈ ချက်ကိုအကောင်အထည်ဖော်ဖို့အတွက် လမ်းညွှန်ချက်အရ ကျနော်တို့လုပ်ပါတယ်၊ ပြန်ပြီးကြည့်လိုက်မယ်ဆိုရင် အရွေ့တစ်ခုကို တက်လာတယ်-ဒါဆိုလာမယ့် ၁၆ ရက်နေ့မှာ ကျနော်တို့နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာအလုပ်အဖွဲ့နဲ့ ပြန်တွေ့မယ်၊ ၁၇-၁၈ မှာလည်း မူလဒီအလုပ်အဖွဲ့နဲ့ပြန်တွေ့မယ်ဆိုရင် ဘုံသဘောတူချက်တစ်ခုတော့ရမယ် ကျနော်တို့လာမယ့် စတုတ္တအကြိမ်(၂၁ ရာစုပင်လုံ) UPC မှာ ပြည်ထောင်စုသဘောတူညီချက်စာချုပ်အဆင့် ၃ မှာဆိုရင် အဖြေရလဒ်ကောင်းတစ်ခုထွက်မယ်လို့ မျှော်လင့်ပါတယ်”ဟု နိုင်အောင်မငေးက ပြောသည်။

    အဆိုပါညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ဖေဖေါ်ဝါရီ ၂ နှင့်၃ ရက်နေ့က ကျင်းပခဲ့ရာတွင် သဘောတူညီချက် ၃ ချက်ရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

     “ကျင်းပခဲ့တဲ့  (၈) ကြိမ်မြောက် JICM အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေ အားလုံး ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ သဘောတူညီချက် (၃) ချက်ရပါတယ်။ သဘောတူညီချက် သုံးချက်ကတော့ NCA အခန်း (၃) ၊ အခန်း (၄) ၊ အခန်း (၆) နဲ့ပတ်သက်လို့ နှစ်ဖက်အလုပ်အဖွဲ့တွေ တွေ့ဆုံဖို့ လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှာတွေ့ဖို့ သဘောတူပါတယ်။ ပြီးရင် ဖေဖော်ဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ယခုတွေ့ဆုံတဲ့ အလုပ်အဖွဲ့ပဲ ပြန်ပြီးတွေ့မယ်”ဟု ဦးဇော်ဌေးက ဆိုသည်။

    ထို့ပြင် NCA တွင်ပါဝင်သော ဝေါဟာရနှင့်ပတ်သက်၍ ဘုံအဓိပ္ပာယ်ဖွင့်ဆိုချက်များအား JICM အစည်းအဝေး မတိုင်ခင် အလုပ်အဖွဲ့များဆက်လက်တွေ့ဆုံရန် သဘောတူခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) မကျင်းပမီ အမျိုးသားအဆင့်နိုင်ငံရေးုတွေ့ဆုံဆွေနွေးပွဲ National Dialogue မကျင်းပရသေးသည့် NCA-S EAO များ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်နှင့် လူထုတွေ့ဆုံပွဲ Public Consultation များကျင်းပနိုင်ရန် NCA-S EAO ၏ အဆိုပြုချက်များကို မှတ်တမ်းအဖြစ်ထားရှိခဲ့သည်။

    အစိုးရငြိမ်းချမ်းရေးအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက “ခြံပြီးပြောရင်တော့ ဒီလိုဆွေးနွေးပွဲတွေက အရင်က Informal ၂ နှစ်ကြာလောက်ပြောထားကြပြီးတော့ အခု Formal ပေါ့၊ JICM ဆွေးနွေးပွဲက Formal ဖြစ်တယ်၊ အခုဒီနေ့ဆွေးနွေးနေတာလည်း Formal ဖြစ်တယ်၊ အဲဒီတော့ Farmal ဆွေးနွေးပွဲတွေ အခုမှ ကျနော်တို့ပြန်စတာပေါ့ဗျာ၊ အဲဒီတော့ အားလုံးကတော့ မျှော်လင့်တာထက်တော့ ပိုပြီးတော့ချောချောမွေ့မွေ့ရှိတာပေါ့၊ နှစ်ဖက်လုံးက ဒီအပေါ်မှာအာရုံစိုက်ပြီးတော့ အပြန်အလှန်လေးစားသမှုနဲ့ဆွေးနွေးနေတာ ကောင်းပါတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ကျင်းပပြီးစီးခဲ့သည့် (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အရ လာမည့်ဧပြီလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) တွင် နှစ်ဖက်လက်ခံနိုင်သော ရလဒ်ကောင်းများ ပေါ်ထွက်လာစေရန် လာမည့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာအလုပ်အဖွဲ့အစည်းအဝေး၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    Photo- အစိုးရနှင့် NCA-S EAO ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာအလုပ်အဖွဲ့အစည်းအဝေး (NRPC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks