spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနိုင်ဟံသာ နေပြည်တော်၌ ယနေ့တွေ့ဆုံ

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနိုင်ဟံသာ နေပြည်တော်၌ ယနေ့တွေ့ဆုံ

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၃၀)

    အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာတို့ ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဌာန၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

    ပြီးခဲ့သည့်ဇန်နဝါရီပထမအပတ်တွင် ကျင်းပပြီးစီးခဲ့သည့် ၁၀ ကြိမ်မြောက်မွန်ပြည်သစ်ပါတီဗဟိုညီလာခံမှ နိုင်ဟံသာ ဥက္ကဌအဖြစ်ရွေးချယ်တင်မြှောက်ခံရအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဦးဆုံးတွေ့ဆုံခြင်းဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်သစ်ပါတီ NCA လက်မှတ် ရေးထိုးပြီးနောက် လက်ရှိမြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသား အရေး ဦးစားပေးဆောင်ရွက်ရန် လိုအပ်ချက်များ၊ (၈)ကြိမ် မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့်အညီ လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း NRPC ၏ လူမှုကွန်ယက်စာမျက်နှာက ဖော်ပြသည်။

    ထို့အတူ နိုင်ဟံသာက NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အပြည့်အ၀ ထောက်ခံပါကြောင်း၊ တိုင်းရင်းသားများအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ယုံကြည်မှုများစွာ မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ များတွင် သဘောတူညီချက် မရရှိသေးသည့် ကိစ္စရပ်များကို ကျော်လွှားရန် လိုအပ်ကြောင်း ဆွေးနွေးသည်။

    နိုင်ဟံသာက “လာမယ့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ရလဒ်ဘယ်လိုထွက်လာမလည်းဆိုတာကိုတော့ အတတ်မပြောနိုင်ပါဘူး။ တပ်မတော် သဘောထား ဘယ်လိုလာမလဲဆိုတာ မသိပါဘူး၊ ဒါပေမယ့် အစိုးရ၊ လွှတ်တော်ဘက်က ကျနော်တို့နဲ့အမြင်ချင်းနီးစပ်လာတဲ့အပေါ် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းပဲလို့ ကျနော်ယူဆတယ်” ဟု မွန်သတင်းအေဂျင်စီနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    အဆိုပါတွေ့ဆုံပွဲတွင် မွန်စာပေသင်ကြားရေး ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် မွန်ပြည်သစ် ပါတီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၏ စားဝတ်နေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

    အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မွန်ပြည်သစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားလယ်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဗညာမဲ့စန်း တို့ တက်ရောက်ကြသည်။

    Photo- ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များနှင့် နိုင်ဟံသာ ဦးဆောင်သော မွန်ပြည်သစ်ပါတီခေါင်းဆောင်များ၏ အမှတ်တရဓါတ်ပုံ(NRPC)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks