spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတပ်မတော်အရာရှိကျဆုံးခဲ့သည်မှာ မိမိတို့ဆွဲမိုင်းမဟုတ်ကြောင်း KNU ငြင်းဆို

    တပ်မတော်အရာရှိကျဆုံးခဲ့သည်မှာ မိမိတို့ဆွဲမိုင်းမဟုတ်ကြောင်း KNU ငြင်းဆို

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၃၀)

    ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ လှုပ်ရှားဒေသဖြစ်သော ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ဖာပွန်မြို့နယ်အကြား မြန်မာ့တပ်မတော် အရာရှိတစ်ဦးကျဆုံးခဲ့ရသည်မှာ မိမိတို့ဆွဲမိုင်းမဟုတ်ကြောင်း KNU တပ်မဟာ ၅ က ငြင်းဆိုလိုက်သည်။

    KNU တပ်မဟာ (၅) ပြောခွင့်ရ ဗိုလ်မှူး စောကလယ်ဒိုက “ဒီကားလမ်းပေါ်မှာ  ကျနော်တို့ဘက်က ကားမိုင်းတွေ ချထားတယ်။ တပ်မတော်ဘက်ကလာပြီး လမ်းကင်းချပြီးတော့ မိုင်းတွေ လိုက်ရှင်းတာပေါ့။ ရှင်းတော့  ဒီမိုင်းကိုသူတို့တွေ့သွားတယ်။ အဲဒီထောင်ထားတဲ့ကားမိုင်းကို သူတို့ဖေါက်ခွဲပစ်တယ်လေ။ အဲဒီပေါက်ကွဲမှုကြောင့် သူတို့ကိုပြန်ပြီးထိတယ်။ တပ်မဟာ(၅)ဘက်က ဆွဲမိုင်းနဲ့သွားဆွဲတာ မဟုတ်ဘူးနော်” ဟု ပြောသည်။

    ဇန်နဝါရီ ၂၇ ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင် တပ်မတော်က လမ်းကြောင်းသွားရောက်စစ်ဆေးသောစစ်ကြောင်း ပွိုင့် ၃၈၁၇ ထင်းရှူးတောင်အနီး ဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရသောကြောင့် ခမရ ၇၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ဆိုသည်။

    “ကျွန်တော်တို့ဆီကပုံမှန်လမ်းကြောင်းအတိုင်းဘဲ လမ်းကြောင်းစစ်တာပေါ့။ တပ်ရင်းမှူး အဖွဲ့သွားတဲ့အချိန် သူတို့ဆွဲမိုင်း နဲ့တိုက်တာပေါ့။ တပ်ရင်းမှူးကျသွားတယ်။ ကျန်တာမရှိပါဘူး” ဟု ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောသည်။

    တပ်မတော်အနေဖြင့် အဆိုပါ မိုင်းခွဲခံရဖြစ်စဉ်ကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U နှင့် KNU ထံ ကန့်ကွက်စာများ ပေးပို့ထားသည်ဟု သိရသည်။

    အစိုးရနှင့် KNU တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးပြီးနောက်ပိုင်း တပ်မဟာ ၅ ဧရိယာတွင် တပ်မတော်၏ တပ်စခန်းများအတွက် ရိက္ခာသယ်ဆောင်သည့်အခါ လူမဟုတ်ပါက မြင်းကိုသာ အသုံးပြုရန်သဘောတူခဲ့ပြီး မော်တော်ကားဖြင့်သယ်ဆောင်ခွင့်မပြုကြောင်း KNU ဘက်က ဆိုသည်။

    အစိုးရနှင့် KNU တို့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်ကာလကျော်ကြာမြင့်ခဲ့ပြီဆိုသော်လည်း တပ်နေရာချထားမှုနှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက်အကြေအလည်ဆွေးနွေးနိုင်ခြင်းမရှိသဖြင့် တပ်မဟာ ၅ ဒေသတွင် အောက်ခြေတပ်ဖွဲ့အကြား သဘောထားတင်းမာမှုများရှိနေပြီး  ထိတွေ့ပစ်ခတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

    Photo- မော်တော်ကားမိုင်း အမျိုးအစားတစ်ခု(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks