Wednesday, March 11, 2026
More
    spot_img
    Homeသတင်း၂၀၁၉ တစ်နှစ်အတွင်း မွန်ပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂၈ သိန်းနီးပါးဝင်ရောက်လာ

    ၂၀၁၉ တစ်နှစ်အတွင်း မွန်ပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂၈ သိန်းနီးပါးဝင်ရောက်လာ

    -

    အဂ္ဂနွန် (မော်လမြိုင်၊ ဇန်နဝါရီ ၂၃)

    ၂၀၁၉ ခုနှစ်တစ်နှစ်အတွင်း မွန်ပြည်နယ်သို့ ဝင်ရောက်လာသော ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၂၈ သိန်းနီးပါးခန့် ရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

    ဝင်ရောက်လာသော ကမ္ဘာလှည့်ခရီးသည်များအနက် ထိုင်းနိုင်ငံ အများဆုံးဖြစ်ပြီး ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့မှာ ဒုတိယနှင့် တတိယနေရာအသီးသီးတွင် ရှိနေသည်။

    ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း ဧည့်သည်ဝင်ရောက်မှု ဦးရေ ၂,၆၃၄,၉၅၀ ဦး နှင့် ပြည်ပ ဧည့်သည်ဝင်ရောက်မှု ဦးရေ ၁၇၇,၃၀၆ ဦး ရှိပြီး ၂၀၁၈ ခုနှစ်ထက် ရှစ်သိန်း နှစ်သောင်း လေးထောင်ကျော် တိုးလာကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရသည်။

    ၂၀၁၈ ခုနှစ်တွင် ပြည်တွင်း ဧည့်သည်ဝင်ရောက်မှု ဦးရေ ၁,၇၉၄,၃၀၆  ဦး နှင့် ပြည်ပ ဧည့်သည်ဝင်ရောက်မှု ဦးရေ ၁၉၃,၆၁၄ ဦး ရှိခဲ့သည်။

    မွန်ပြည်နယ်သို့ လာရောက်သောဧည့်သည်များအနေဖြင့် ကျိုက်ထီးရိုးနှင့် သမိုင်းဝင်ဘုရား စေတီပုထိုးများ၊ မော်လမြိုင်မြို့ပေါ်နှင့် ဘီလူးကျွန်း၊ ကျိုက်မရောမြို့နယ် ခရုံဂူ၊ သံဖြူဇရပ်မြို့နယ်ရှိ အထင်ကရနေရာများ၊ ကျိုက္ခမီ၊  စက်စဲကမ်းခြေ၊ ရေးမြို့နယ်ရှိ ကဗျာဝ၊ ဘုရားတောင်ပင်လယ်ဝ အပန်းဖြေစခန်းကမ်းခြေများသို့ အဓိကသွားရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

    ထို့ပြင် ပြည်ပခရီးသည်များ သွားလာမှုအဆင်ပြေစေရေးအတွက် ဘီးလင်းမြို့နယ်အတွင်း တောင်ကြီးကျေးရွာအနီးရှိ ကေလာသတောင်၊ မဲလံကျေးရွာအနီးရှိ ကျောက်ပိဘုရားနှင့် ကျောက်တံခါးစေတီ၊ သထုံမြို့နယ်အတွင်း နန်းခဲရပ်ကွက်ရှိ မြသပိတ်စေတီ၊ သံဖြူဇရပ်မြို့နယ်အတွင်း ဝဲကလိရေပူစမ်း၊ ပငဆားကွင်း၊ သေမင်းတမန်ရထားလမ်းပြတိုက်၊ မဟာမိတ်စစ်သင်္ချိုင်း၊ ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့ကို မွန်ပြည်နယ်အတွင်း ကန့်သတ်နယ်မြေအဖြစ်မှ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်ကတည်းက ဖြေလျော့ ပေးခဲ့ပြီးဖြစ်သည်။

    မွန်ပြည်နယ်တွင် ခရီးလှည့်လယ်ရေးကုမ္ပဏီ ၉ ခု ရှိပြီး ဟိုတယ် ၃၆ လုံး၊ နိုင်ငံခြားသားများ တည်းခိုနိုင်မည့် တည်းခိုခန်း ၊ မိုတယ် ၂၂ လုံးရှိပြီး စုစုပေါင်း အခန်းပေါင်း ၂၀၅၉ ခန်းရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

    Photo- ပြည်ပခရီးသွားများလာရောက်လည်ပတ်လေ့ရှိသော သံဖြူဇရပ်သေမင်းတမန်မီးရထားလမ်းပြတိုက် (MOI)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks