spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းကရင်ပြည်နယ် ဇာသပြင်ကွက်သစ်စီမံကိန်း အကောင်အထည်မဖော်သဖြင့် သိမ်းဆည်းခံလယ်မြေပြန်လည်ရရှိရေး မော်လမြိုင်တွင်လာရောက်ဆန္ဒပြ

    ကရင်ပြည်နယ် ဇာသပြင်ကွက်သစ်စီမံကိန်း အကောင်အထည်မဖော်သဖြင့် သိမ်းဆည်းခံလယ်မြေပြန်လည်ရရှိရေး မော်လမြိုင်တွင်လာရောက်ဆန္ဒပြ

    -

    စသောင်းနွန် (မော်လမြိုင်၊ ဇန်နဝါရီ ၂၂)

    ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ဇာသပြင်တိုးချဲ့ကွက်သစ်စီမံကိန်း အကောင်အထည်မဖော်ဆောင်နိုင်သဖြင့် သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်က မော်လမြိုင် ကမ်းနားလမ်း စာပေဟောပြောပွဲကွင်း၌ နစ်နာသူလယ်ပိုင်ရှင်များက ဆန္ဒထုတ်ဖော်ခဲ့သည်။

    နစ်နာသူများမှာ မွန်ပြည်နယ်တွင်နေထိုင်သူများဖြစ်ကြပြီး ဘားအံမြို့နယ် နေထိုင်သူမဟုတ်ပါက ပြည်နယ်/ တိုင်းကျော်၍ ဆန္ဒဖော်ထုတ်ရန် လျှောက်ထားခွင့်မရှိကြောင်း ဘားအံမြို့နယ်ကြီးကြပ်မှုကော်မတီပြောကြားသဖြင့် မော်လမြိုင်မြို့တွင် လာရောက်ဆန္ဒပြရသည်ဟု ဦးဆောင်သူ ဦးအေးသိန်းက ဆိုသည်။

    ဦးအေးသိန်းက “ ၁၉၉၇ ခုနှစ်မှာ ဒုဗိုလ်မှူးကြီး မောင်နီ ဘားအံခရိုင်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ နှုတ်မိန်နဲ့ ဇာသပြင်တိုးချဲ့ကွက်သစ်စီမံကိန်း ဆိုပြီးတော့ ဒီလယ်သမားတွေရဲ့မြေကို သိမ်းခဲ့တယ်၊ ဒါပေမယ့် စီမံကိန်းမလုပ်ဖြစ်ဘဲ ပျက်သွားတယ်၊ ဒါကြောင့် မူလပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့က တောင်းဆိုတာဖြစ်တယ်” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပြောကြားသည်။

    “စီမံကိန်းပျက်သိမ်းဆည်းမြေ ပြန်လည်ရရှိရေး” “စီမံကိန်းပျက်သိမ်းဆည်းမြေ  ကိုယ်ကျိုးရှာ လုပ်စားသူများ ဖော်ထုတ်အရေးယူပေးရေး” “ဘားအံမြို့နယ်အတွင်း အခြားပြည်နယ်၊တိုင်း နေထိုင်သူများ ဆန္ဒထုတ်ဖော်လျှောက်ထားခွင့်မရှိသော သတ်မှတ်ချက်ကို အလိုမရှိ” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

    ကော့ကျိုက်ကျေးရွာမှလာရောက်ဆန္ဒဖော်ထုတ်သူ ဦးတင်လှက “ကျွန်တော်တို့ကို ကျူးကျော်ပြီး လယ်စိုက်ပါတယ်ဆိုပြီးတော့   မမှန်မကန်လိမ်လည်ပြီး တရားစွဲတယ်၊  ကျွန်တော်တို့မှာ အမှန်တကယ် ပုံစံ (၇) ရှိတယ်၊ နိုင်ငံတော်ကထုတ်ပေးထားတဲ့မြေခွန်ပြေစာရှိတယ်၊ ကျွန်တော်တို့က နှစ်တိုင်းမြေခွန်ဆောင်ခဲ့တာပါ” ဟု ဆိုသည်။

    အဆိုပါစီမံကိန်းပျက်သဖြင့် မူလပိုင်ရှင်များက ၎င်းတို့လယ်မြေတွင် စပါးပြန်စိုက်ပျိုးခဲ့သည့်အတွက် ကျူးကျော်လယ်စိုက်သည်ဆိုပြီး ၂၀၁၅ ခုနှစ်တွင် သက်ဆိုင်ရာမြေစာရင်းနှင့် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုမှုရှိခဲ့သည်ဟု ဆိုသည်။

    ၎င်းသိမ်းဆည်းခံလယ်မြေများ၏ မူလပိုင်ရှင် ၂၀ ဦးတို့က မိမိတို့လယ်မြေများပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာအစိုးရအကြီးအကဲများထံ ၂၀၁၄ ခုနှစ်ကတည်းက အဆင့်ဆင့်တင်ပြခဲ့သော်လည်း မည်သူမှဖြေရှင်းပေးခြင်းမရှိခဲ့ပေ။

    ယခင်နဝတစစ်အစိုးရလက်ထက်ကတည်းက ဘားအံခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး မောင်နီ၏ နှုတ်မိန့်ဖြင့် ၁၉၉၇ ခုနှစ်တွင် ဇာသပြင်တိုးချဲ့ကွက်သစ်စီမံကိန်းအတွက် လယ်မြေ ၉၀ ကျော်သိမ်းဆည်းခဲ့ပြီး နောက်ပိုင်းတွင် စီမံကိန်းကိုလည်း ဆက်လက်အကောင်အထည်မဖော်နိုင်ခဲ့သလို မူလပိုင်ရှင်များကိုလည်း မြေယာများပြန်လည်ပေးအပ်ခြင်းမပြုပေ။

    လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အစီရင်ခံစာအရ ပြန်လည်စွန့်လွှတ်ခဲ့သော မြေစုစုပေါင်းသည် တစ်နိုင်ငံလုံးတွင် အရပ်ဘက်၌ ၁၄၁,၁၅၄.၆၀၂ ဧကရှိကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနက စွန့်လွှတ်သောမြေစုစုပေါင်းသည် တစ်နိုင်ငံလုံးတွင် ၂၁၉,၀၆၂.၇၃၈ ဧကဖြစ်ပြီး လွှဲပြောင်းပြီးဧက ၁၅၈,၀၇၅.၆၆ ဧက ရှိကြောင်း ၂၀၁၄ ခုနှစ်က အစိုးရထုတ် နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။

    Photo- နစ်နာသူလယ်ပိုင်ရှင်များ၏ မော်လမြိုင်မြို့ ဆန္ဒထုတ်ဖော်ပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks