Tuesday, March 10, 2026
More
    spot_img
    Homeသတင်းဘိန်းစာရွက်အပင် ၃၀၀ ကျော် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ ဖမ်းဆီးရမိ

    ဘိန်းစာရွက်အပင် ၃၀၀ ကျော် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ ဖမ်းဆီးရမိ

    -

    မင်းသုခ (ဇန်နဝါရီ ၁၂ )

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ငှက်ပျောတောရွာနှင့် ဆိတ်ကလေးရွာအကြား၌ ဘိန်းစာရွက်အပင် ၃၀၀ ကျော်ကို ပြီးခဲ့သည့် ဇန်ဝါရီလ ၁၀ ရက်နေ့က မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်တာဝန်ရှိသူများက ဖျက်ဆီးခဲ့ပြီး ခြံပိုင်ရှင်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

    တာဝန်သိပြည်သူများသတင်းပေးမှုအရ ဘိန်းစာရွက်စိုက်ပျိုးသူ ခြံပိုင်ရှင် နိုင်စိန်သောင်းအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးမိခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် မွန်ပြည်သစ်ပါတီ အမှတ်(၁) တပ်ရင်းမှ ဗိုလ်မှူးအေးမာန်က ပြောသည်။

    "ကလေးမိဘတွေ အထပ်အထပ်အခါအခါ လာရောက်တိုင်ကြားကြတဲ့အခါကျတော့ မသိရင် ကိုယ်တွေကပဲ ဒီအတိုင်းလွှတ်ထားသလိုပေါ့၊ ဒါကြောင့် ကျွန်တော်တို့ သေသေချာချာ လေ့လာပြီးတော့ သက်သေခိုင်လုံတော့မှ ဖမ်းဆီးရတာပါ။ ပြစ်မှုကတော့ ဥပဒေပိုင်းက ဆက်ပြီးဆောင်ရွက်သွားမှာပါ" ဟု ၎င်းက ဆိုသည်။

    အလားတူ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လက်ဝါးဆိပ်ရွာအနီးရှိ ခြံတစ်ခြံတွင် ဘိန်းစာပင်ရာပေါင်းများကို မွန်ပြည်သစ်ပါတီက ရှာဖွေဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

    ဘိန်းစာရွက်တစ်ရွက်ကို မြန်မာငွေ ၁၀၀ နှင့် ၂၀၀ ကျပ်ခန့်ဈေးနှုန်းရှိကြောင်း၊ တစ်ကြိမ်လျင် ၁၀ ရွက်မှ ၃၀ ရွက်လောက်ထိကျိုချက်ရပြီး ရရှိလာသောအရည်ကို အချိုရည်၊ ကော်ဖီမစ်၊  ချောင်းဆိုးပျောက်ဆေးရည်တစ်မျိုးမျိုးနှင့် ရောသောက်ရသလို ရာမစိတ်ကြွဆေးပြားနှင့်လည်း ပေါင်းစပ်သုံးစွဲနိုင်ကြောင်း သိရသည်။

    ထို့ကြောင့် ဘိန်းစာပင်များသည် မိရိုးဖလာအဖြစ်သုံးစွဲလာခဲ့ကြသည့် ကွမ်းရွက်များကဲ့သို့ပင် ဈေးကွက်ဝင်လာသည့်အတွက် ရာဘာခြံများနှင့် ဥယျာဉ်ခြံများအကြား စီးပွားအဖြစ်လှို့ဝှက်စိုက်ပျိုးသူများ ရှိကြောင်း မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။ 

    မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ဘိန်းစာရွက်ကိုမူယစ်ဆေးဝါးအဖြစ်သတ်မှတ်ထားသဖြင့် စိုက်ပျိုးရောင်းချခြင်းနှင့်ပတ်သက်ပြီး မူး/ စိတ်ပုဒ်မ ၊ ၁၆(က) / ၁၆ (ဂ) ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူနိုင်ကြောင်း သိရသည်။

    Photo-ဘိန်းစာရွက်အပင်များနှင့်အတူ စိုက်ပျိုးသူအား ဖမ်းဆီးခဲ့စဉ် (Dra Gon)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks