Homeသတင်းငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းသိမ်းရေးကိရိယာ တပ်ဆင်ထားခြင်းမရှိသည့်ရေယာဉ်များကို အရေးယူသွားမည်

ငါးဖမ်းရေယာဉ် စောင့်ကြည့်ထိန်းသိမ်းရေးကိရိယာ တပ်ဆင်ထားခြင်းမရှိသည့်ရေယာဉ်များကို အရေးယူသွားမည်

-

မင်းအတွဒ် (မော်လမြိုင် ၊ဇန်နဝါရီ ၁၀)

ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းသိမ်းရေး Vessel Monitoring System (VMS) ကိရိယာ တပ်ဆင်ခြင်းမရှိဘဲ ငါးဖမ်းမည့် ရေယာဉ်များကို တရားမဝင်ယာဉ်အဖြစ် အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုပြည်နယ် ဦးစီးမှူး ဦးစိုးမင်း ပြောကြားသည်။

“VMS စက်မတပ်ဘူး ဆိုရင်တော့ တရားမဝင်လှေအဖြစ် ဖမ်းဆီးအရေးယူမယ်၊ တပ်ကိုတပ်ရမယ် ” ဟု ဦးစိုးမင်းက ဆိုသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း ကမ်းဝေးငါးဖမ်းယာဉ် ၃၂၀ စီးအနက် ၁၇၇ စီးမှာ တပ်ဆင်ခြင်းဆောင်ရွက်ထားပြီး ကျန်ရှိနေသည့် ယာဉ်စီးရေများကို ဇန်နဝါရီလကုန်တွင် အပြီး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“သဘာဝဘေးအန္တရာယ်လုံခြုံမှု ရန်သူလုံခြုံမှု အရေးပေါ်အကူအညီလည်း တောင်းနိုင်မယ်၊ ထိန်းချုပ်မှုကလည်းမပြတ် စောင့်ကြည့်ပေးနေမှာဆိုတော့ ပင်လယ်မှာ စိတ်ချလက်ချငါးဖမ်းမယ့် အခွင့်အရေးတွေ ရလာမယ်၊ ဘယ်ကို ကျူးကျော်တယ် မကျော်ဘူးဆိုတာလည်း သူတို့သိလာမယ် ထွက်ချိန်ဝင်ချိန်မှန်လာမယ် သူတို့ စနစ်တကျဖြစ်လာမယ်” ဟု ဦးစိုးမင်းက ဆိုသည်။

မွန်ပြည်နယ်တွင်  ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းသိမ်းရေး ကိရိယာ (VMS) တပ်ဆင်ခြင်းကို ကုမ္ပဏီ သုံးခုက ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီအလိုက် စက်တန်ဖိုးကွာခြားမှုရှိကြောင်း၊ ကမ်းဝေးငါးဖမ်းယာဉ် ရေးမြို့နယ် ၁၉၅စီး၊ သံဖြူဇရပ်မြို့နယ် ၁၂၂ စီး၊ ချောင်းဆုံမြို့နယ် ၄ စီးတို့အတွက် လုပ်ကွက် ၁၄ ကွက်ကို ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်လုပ်ဆောင်ထားခြင်း ဖြစ်သည်။

“အခုလှေသမားတွေပြောနေတဲ့ ငါးလုပ်ကွက်ကျဉ်းတယ်ကျယ်တယ်ဆိုတာက အမှန်လို့လည်းယူဆလို့ မရဘူး၊ မှားတယ်လို့လည်း ယူဆလို့မရဘူး သို့သော်လည်း မကြာမီမှာပဲ ကွင်းဆင်းပြီးတော့ ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ၎င်းကဆက်ပြောသည်။

မွန်ပြည်နယ် အတွင်းရှိ စက်ရုံ ၆ ရုံမှ  ၂၀၁၈-၁၉ခုနှစ်တွင် ငါး၊ပုစွန်ထုတ်လုပ်မှု  ၈၁၆၀.၂၈၉ မက်ထရစ်တန် ထွက်ရှိကြောင်း၊ ရေချိုငါးထုတ်လုပ်မှု ၅၃,၁၆၀ ပိသာထောင်ပေါင်းရှိခဲ့ပြီး ရေငန် ငါး/ပုစွန်ထုတ်လုပ်မှု ၁၁၆,၆၈၃ ပိသာထောင်ပေါင်းရှိကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီး စာရင်းအရ သိရသည်။

Photo- ငါးဖမ်းရေယာဉ် (မွန်ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts