spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအစိုးရနှင့် တပ်မတော်တို့တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လိုသည့် နိုင်ငံရေးဆန္ဒမရှိသဖြင့် တစ်ဆို့မှုများဖြစ်နေဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    အစိုးရနှင့် တပ်မတော်တို့တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လိုသည့် နိုင်ငံရေးဆန္ဒမရှိသဖြင့် တစ်ဆို့မှုများဖြစ်နေဟု မွန်ပြည်သစ်ပါတီထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၉)

    လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် တပ်မတော်တို့တွင် တိုင်းရင်းသားများလိုလားတောင်းဆိုလျက်ရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လိုသည့် နိုင်ငံရေးဆန္ဒမရှိသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆို့နေရသည်ဟု ၁၀ ကြိမ်မြောက်မွန်ပြည်သစ်ပါတီညီလာခံ ယမန်နေ့တွင်ကျင်းပအပြီး မွန်ဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    ၄ နှစ်နီးပါးခန့် NLD အာဏာရရှိခဲ့သော်လည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ယနေ့အထိ အကောင်အထည်မဖော်နိုင်သေးကြောင်း မွန်ပြည်သစ်ပါတီက ထောက်ပြသည်။

    သို့သော် ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့် အဓွန့်ရှည်ကြာတည်တန့်ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရေး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖြစ်ပေါ်လာရန်အတွက် စားပွဲခုံပေါ်တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းကသာ အကောင်းဆုံးဖြစ်သည်ဟု မွန်ပြည်သစ်ပါတီက လက်ခံထားသည်။

    မွန်ပြည်သစ်ပါတီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ပြီးဆိုသော်လည်း တပ်မတော်က စာချုပ်ကိုဖောက်ဖျက်၍ ပြီးခဲ့သည့် နိုဝင်ဘာနောက်ဆုံးအပတ်တွင် မွန်ပြည်သစ်ပါတီ တပ်တည်စခန်းတစ်ခုကို ဝင်ရောက်ခဲ့ကြောင်း၊ ဂျပန်ရေတွင်း မွန်တပ်စခန်းမှ မြန်မာစစ်တပ်ဆုတ်ခွာသွားပြီဆိုသော်လည်း အနီးအနားရှိ ဟင်္သာတိုင်ဂိတ်စခန်း၌ ဆက်လက်အခြေပြုလျက်ရှိကြောင်း၊ ၎င်းဖြစ်စဉ်များကို ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ရေးသားသည်။

    မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် မွန်ပြည်သစ်ပါတီခံယူထားပြီး ပညာပေးတားဆီးမှုများ ဆောင်ရွက်သွားမှာဖြစ်သလို ရောင်းဝယ်ဖောက်ကားသူများအား အမျိုးသားရန်သူအဖြစ်သတ်မှတ်၍ အရေးယူမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

    မွန်အမျိုးသားများ အိမ်နီးချင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ အလွန်များပြားသဖြင့် မွန်တို့၏စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်သမားလိုအပ်ချက်များပြားလာကြောင်း၊ ထို့ကြောင့် အခြားဒေသမှရွေ့ပြောင်းလုပ်သားများ ဝင်ရောက်လာကြောင်း၊ ယင်းရွေ့ပြောင်းလုပ်သားများကြောင့် မိမိတို့၏ အမျိုးဘာသာ၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာများအပေါ် ရိုက်ခတ်မှုဖြစ်ပေါ်လာကြောင်း၊ NLD အစိုးရ၏ ရက်ပေါင်း ၉၀ ကျော်ရွှေ့ပြောင်းဝင်ရောက်လာသူများ မဲပေးခွင့်ပြုခြင်းသည် မိမိတို့၏ အမျိုးသားနိုင်ငံရေးရာတို့အပေါ် ရိုက်ခတ်လာမည်ဖြစ်သည့်အတွက် နည်းလမ်းရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်က ထောက်ပြသည်။

    ထို့ပြင် မွန်တစ်မျိုးသားလုံးညီညွတ်ရေးတည်ဆောက်နိုင်ရန် လက်နက်ကိုင်မွန်နိုင်ငံရေးပါတီ၊ တရားဥပဒေဘောင်အတွင်းက မွန်နိုင်ငံရေးပါတီနှင့် အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ အမျိုးသားအင်အားစုတစ်ရပ် အမြန်ဆုံးတည်ဆောက်သွားမည်ဟု ဆိုသည်။

    ယခုကျင်းပပြီးစီးခဲ့သည့် ၁၀ ကြိမ်မြောက်ပါတီညီလာခံက မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်း နိုင်ထောမွန်အား ဂုဏ်ထူးဆောင်ဥက္ကဌကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုပြီး ဗဟိုကော်မတီဝင် ၃၃ ဦး၊ အရန်ဗဟိုကော်မတီဝင် ၅ ဦးတို့ကို လှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်ကာ ဥက္ကဌ နိုင်ဟံသာ၊ ဒုတိယဥက္ကဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့နှင့် တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ကို ရွေးချယ်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ခဲ့သည်။

    Photo- မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေညာချက်(Copy)







    Photo- မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေညာချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks