Tuesday, March 10, 2026
More
    spot_img
    Homeသတင်း၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို မွန်ဂီတအဆိုအကနှင့် မွန်ယဉ်ကျေးမှုမယ်ပြိုင်ပွဲဝင်များကို ဘိတ်ခေါ်

    ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို မွန်ဂီတအဆိုအကနှင့် မွန်ယဉ်ကျေးမှုမယ်ပြိုင်ပွဲဝင်များကို ဘိတ်ခေါ်

    -

    မွန်သတင်းအေဂျင်စီ(ဇန်နဝါရီ ၃)

    မော်လမြိုင်မြို့၌ လာမည့်ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပမည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို အခမ်းအနားအထိန်းအမှတ်အတွက် မွန်ဂီတအဆိုအကနှင့် မွန်ယဉ်ကျေးမှုမယ်ပြိုင်ပွဲကဏ္ဍများတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအား ကြေညာချက်ထုတ်ပြန်၍ ဘိတ်ခေါ်ထားသည်။

    ယိမ်းပြိုင်ပွဲအတွက် “သုဝဏ္ဏဘုံ ယဉ်ကျေးမှု” မွန်သီချင်းကို ယိမ်းအဖွဲ့ဝင် ၁၆ ဦးဖြင့်လည်းကောင်း၊ အသက် ၁၂ နှစ်အောက် ဒုတိယအဆင့် အခြေခံယိမ်းပြိုင်ပွဲအတွက် “အခြေခံမွန်အက” ဂီတတေးသွားကို ယိမ်းအဖွဲ့ဝင် ၁၆ ဦးဖြင့်လည်းကောင်း၊ ရှေးဟောင်းကျေးလက်အဆိုအက “စမားဒွက်” ပြိုင်ပွဲအတွက် ကိုယ်ပိုင်တူရိယာများဖြင့်လည်းကောင်း သက်ဆိုင်ရာမိမိတို့၏ မြို့နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ရန် စည်းကမ်းချက်သတ်မှတ်ထားသည်။

    အဆိုပြိုင်ပွဲအတွက် ကာလပေါ်(မိုနို) ကျား/မနှင့် ခေတ်ပေါ်(စတီရီယို) ကျား/မ ကဏ္ဍ ၄ ခုခွဲခြားထားပြီး ကဏ္ဍတစ်ခုစီအတွက် သီချင်း ၄ ပုဒ်ကိုသတ်မှတ်ပေးထားကြောင်း၊ မိမိပြိုင်ပွဲဝင်ရမည့် သီချင်းတစ်ပုဒ်ကို မဲနှိုက်၍ သီဆိုရမည်ဖြစ်သည့်အတွက် သတ်မှတ်ပေးထားသော သီချင်း ၄ ပုဒ်စလုံး သီဆိုနိုင်ရန် လိုအပ်ကြောင်း သိရသည်။

    မွန်ရိုးရာတူရိယာပြိုင်ပွဲတွင် မိချောင်းတူရိယာ၊ ပုလွေကြီး၊ ဝါးပတ်တလားနှင့် လခြမ်းတူရိယာကဏ္ဍ ၄ မျိုးခွဲခြားထားပြီး ပြိုင်ပွဲအမျိုးအစားတစ်ခုစီအတွက် မိမိတေးသွားဖြင့် ၅ မိနစ်တိတိ တီးခတ်၍ ပြိုင်ပွဲဝင်သွားရန် ဖြစ်သည်။

    မွန်ယဉ်ကျေးမှုမယ်ပြိုင်ပွဲအတွက် မွန်လူမျိုး မွန်စကားပြောတတ်သူ အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် မိန်းခလေးပျိုများပါဝင်ယှဉ်ပြိုင်ရန် စည်းကမ်းသတ်မှတ်ထားကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိ၏မြို့နယ်ကိုယ်စားပြုဖြစ်ရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာမြို့နယ် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီထံ ညှိနှိုင်းထားရန်လိုအပ်ကြောင်း သိရသည်။

    ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၂၅-၁-၂၀၂၀ ရက်နေ့ကို နောက်ဆုံးထားစာရင်းပေးသွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲကြေညာချက်အသေးစိတ်ကို ဤသတင်းဓါတ်ပုံဖော်ပြချက်တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

    ပါဝင်ယှဉ်ပြိုင်လိုသူ ဝါသနာရှင်နှင့် ဂီတပညာရှင်များအနေဖြင့် သက်ဆိုင်ရာမြို့နယ် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီများထံလည်းကောင်း၊ ကျင်းပရေးအဖွဲ့ခေါင်းဆောင် မင်းအောင်ထူး-ဖုန်း ၀၉ ၄၂၅၃၈၁ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီမှ သတင်းရရှိသည်။

    ထို့ပြင် အကနှင့် မွန်ယဉ်ကျေးမှုမယ်ပြိုင်ပွဲအတွက် မိခင်ဝမ်း ၀၉ ၂၅၄၇၃၈၃၃၀နှင့် မိမြသန်း ၇၈၀၄၂၈၀၁၂၊ အဆိုပြိုင်ပွဲအတွက် နိုင်ဇွဲမာန် ၀၉ ၇၈၀၀၁၅၃၅၀ နှင့် မိသိလ္လာနဲ ၀၉ ၇၉၃၂၆၃၆၂၉ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

    နှစ်စဉ်တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗဟိုအဆင့်ကျင်းပရေးအတွက် နှစ်စဉ်မြို့နယ်တစ်ခုစီအလှည့်ကျကျင်းပခဲ့ရာ ယခုနှစ်တွင် မော်လမြိုင်မြို့ သံလွင်ဥယာဉ်ဝင်းအတွင်းရှိ မွန်ပြည်နယ်လွှတ်တော်အနီးကွင်းပြင်၌ ၃ ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    Photo-ပြိုင်ပွဲဝင်သီချင်းများနှင့် စည်းကမ်းသတ်မှတ်ချက်များ(Copy)



    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks