spot_img
Wednesday, February 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်နိုင်ငံရေးပါတီတွင် လူငယ်များဝန်းရံကြရန် မွန်လူငယ်နေ့ ကြေညာချက်ထုတ်ပြန်

    မွန်နိုင်ငံရေးပါတီတွင် လူငယ်များဝန်းရံကြရန် မွန်လူငယ်နေ့ ကြေညာချက်ထုတ်ပြန်

    -

    ဝဏ္ဏမာန်(ဒီဇင်ဘာ ၂၈)

    မွန်နိုင်ငံရေးပါတီတွင် လူငယ်များ ပါဝင်ဝန်းရံကြရန် ယနေ့ကျင်းပသည့် ၈ ကြိမ်မြောက် မွန်လူငယ်များနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးသည့် မွန်ပြည်သစ်ပါတီ NMSP အပေါ် အစိုးရဘက်မှ ဖိအားပေးမှုအမျိုးမျိုးရှိလာသည့်အတွက် မွန်အမျိုးသားနိုင်ငံရေးပါတီတွင် လူငယ်များအားဖြည့်ဝန်းရံသွားရန် တိုက်တွန်းထားသည်။

     “ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်မှာ မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့် BGF တို့ပူးပေါင်းပြီး မွန်တပ်တည်စခန်း ဂျပန်ရေတွင်းကို ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ အင်အားသုံးအနိုင်ကျင့်တဲ့ ဖိအားပေးမှုရဲ့ သက်သေသာဓကတစ်ခုပါ၊ မိမိတို့အင်အားနည်းရင် အဖိနှိပ်ခံရမယ်ဆိုတာကိုလည်း မိမိတို့ခေါင်းဆောင်အသီးသီး သတိပေး မြွက်ဆိုပြောကြားခဲ့တာရှိပါတယ်၊ ဒါကြောင့် အနာဂတ်အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ မိမိတို့ လူငယ်တွေ မွန်အမျိုးသားနိုင်ငံရေးမှာ ပါဝင်ဝန်းရံသွားကြပါ” ဟု မွန်ဘာသာဖြင့် ရေးသားထုတ်ပြန်ခဲ့သည်။

    ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျရောက်သော ၈ ကြိမ်မြောက် မွန်လူငယ်နေ့ Mon Youth Day အခမ်းအနားကို ကျိုက်မရောမြို့နယ် ခရုံဂူကျေးရွာကွင်းပြင်၌ ကျင်းပရာ မြို့နယ်ကျေးရွာအသီးသီးကိုယ်စားပြု လူငယ်ဘင်ခရာအဖွဲ့ ၅၀ ကျော်၊ သံဃာတော်နှင့် အနယ်နယ်အရပ်ရပ်မှ မွန်လူထုများ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ MUP ခေါင်းဆောင်များ၊ လူငယ်အဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဂီတအစည်းအရုံး(မွန်)၊ မွန်စာရေးဆရာအသင်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ စသည်ဖြင့် စုစုပေါင်းအင်အား ၂ သောင်းခန့်က နံနက်ပိုင်းတွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ စစ်ကြောင်းများဖြင့် ချီတက်ခဲ့ကြောင်း တွေ့ရသည်။

    ထို့အတူ ယခုမွန်လူငယ်နေ့ကျင်းပသည့်နေ့ရက်သည် ကျင်းပဆဲ ၈ ကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံနှင့်တိုက်ဆိုင်နေသဖြင့် နိုင်ငံရေးပါတီတွင် လူငယ်များ ဝင်ရောက်တာဝန်ထမ်းဆောင်ရန် မွန်ပြည်သစ်ပါတီကလည်း တိုက်တွန်းထားသည်။

     “မွန်အမျိုးသား နိုင်ငံရေးလမ်းစဉ် ရည်ရွယ်ချက်တွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် လက်နက်ကိုင်နိုင်ငံရေးပါတီမှာ ဖြစ်ဖြစ်၊ တရားဥပဒေဘောင်အတွင်းက နိုင်ငံရေးပါတီဖြစ်ဖြစ် လူငယ်တွေပါဝင်တာဝန်ထမ်းဆောင်ဖို့ မွန်ပြည်သစ်ဗဟိုညီလာခံက တိုက်တွန်းနှိုးဆော်တယ်” ဟု မွန်လူငယ်များနေ့သို့ပေးပို့သော မွန်ပြည်သစ်ပါတီသဝဏ်လွှာတွင် ရေးသားဖော်ပြသည်။

    အလားတူ မွန်လူငယ်နေ့သဘာပတိများ၊ နိုင်ငံရေးပါတီများ၊ မွန်လွှတ်တော်ကိုယ်စားလှယ်များ အသီးသီးတို့၏ သဝဏ်လွှာနှင့် ထုတ်ပြန်ချက်များတွင် လူငယ်များနိုင်ငံရေးပါတီသို့ ဝင်ရောက်တာဝန်ယူထမ်းဆောင်ကြရန် အကြိမ်ကြိမ် တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရသည်။

    ဒေသခံလူငယ်များတောင်းဆိုချက်အရ နောင်နှစ် ရှေ့လာမည့် ၉ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားအား ရေးမြို့နယ်တွင်ကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း မည်သည့်နေရာကျင်းပမည်ကို မဆုံးဖြတ်ရသေးပေ။

    ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် မော်လမြိုင် မွန်လူငယ်နှီးနှောဖလှယ်ပွဲကိုရည်ညွှန်း၍ ၂၀၁၂ ခုနှစ်က ကျင်းပသည့် ဒေသအသီးသီးမှ မွန်လူငယ်များ တတိယအကြိမ်နှီးနှောဖလှယ်ပွဲ ဆုံးဖြတ်ချက်အရ မွန်လူငယ်နေ့ကို သတ်မှတ်ကျင်းပခြင်း ဖြစ်သည်။

    Photo- ၈ ကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားဖွင့်ပွဲမြင်ကွင်း(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks