Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNCA ထိုးပြီးသော်လည်း ဖိအားအမျိုးမျိုးခံနေရသည့်အတွက် မိမိတို့တပ်အင်အားခိုင်မာဖို့လိုအပ်ဟု မွန်ပြည်သစ်ပါတီဆို

    NCA ထိုးပြီးသော်လည်း ဖိအားအမျိုးမျိုးခံနေရသည့်အတွက် မိမိတို့တပ်အင်အားခိုင်မာဖို့လိုအပ်ဟု မွန်ပြည်သစ်ပါတီဆို

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၂၅)

    မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးသော်လည်း ဖိအားပေးမှုအမျိုးမျိုးခံနေရသည့်အတွက် မိမိတို့တပ်အင်အားပိုမိုခိုင်မာဖို့ လိုအပ်လာသည်ဟု ယနေ့စတင်ကျင်းပသည့် ၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင် ဒုဥက္ကဌ နိုင်ဟံသာ ပြောကြားသည်။

    နိုင်ဟံသာက “ကျနော်တို့ NCA လက်မှတ်ထိုးပြီး အပစ်ရပ်စဲထားတာတောင် ဖိအားပေးမှုအမျိုးမျိုး ခံနေရတုန်းပါပဲ၊ ယနေ့လက်ငင်းအနေအထားမှာ အခြေအနေအရပ်ရပ်ကို လက်နက်ကိုင်တပ်ဖွဲ့အင်အားတွေကပဲ အဆုံးအဖြတ်ပေးနေဆဲပါပဲ၊ မိမိတို့တပ်ဖွဲ့အင်အားမရှိရင် ဘာအခွင့်အာဏာမှရှိမှာမဟုတ်သလို မိမိတို့ရည်ရွယ်ချက်တွေကိုလည်း ရောက်ရှိနိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့ရဲ့ တပ်ဖွဲ့အင်အား ခိုင်မာတောင့်တင်းဖို့ လိုအပ်နေတယ်” ဟု ဆိုသည်။

    တဖက်တွင်လည်း ဒီမိုကရေစီစနစ်အထိုက်အလျောက် ပေါ်ထွန်းလာမည်ဆိုပါက မွန်အမျိုးသားအင်အားစုများ လွှတ်တော်မှတဆင့် ရသင့်ရထိုက်သည့်အမျိုးသားအခွင့်အရေး တောင်းဆိုနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် အရေအတွက်များများ ရရှိရန်လည်း အရေးကြီးသည်ဟု ဆိုသည်။

    ထို့အတူ NCA လက်မှတ်ရေးထိုးပြီးသော်လည်း မွန်ပြည်သစ်ပါတီ တည်တည်ခွင့်ရနေရာအချို့ကို စစ်တပ်က ပြန်မအပ်သေးကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က ယနေ့ညီလာခံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ထောမွန်က  “NCA ကို ကျနော်တို့လက်မှတ်ထိုးပြီးခဲ့ပေမယ့်လည်း တပ်တည်နေရာ ဇီးနှစ်ပင်နေရာကိုလည်း ပြန်မအပ်ဘူး၊ ဒါကို လေးလေးနက်နက် သတိထားဖို့လိုတယ်၊ အခုဆိုရင်လည်း ဂျပန်ရေတွင်းမှာ သူတို့(စစ်တပ်) ပြန်မဆုတ်သေးဘူး၊ ဒါတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်” ဟု ပြောသည်။

    အစိုးရနှင့်သဘောတူချက်အရ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်တပ်တည်ခွင့်ရ ဂျပန်ရေတွင်းရွာကို မြန်မာအစိုးရစစ်တပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် BGF တပ်ဖွဲ့တို့ ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့က အင်အားသုံးဝင်ရောက်လာပြီးနောက် ယခုအခါ မွန်တပ်စခန်းအနီး၌ စခန်းချထားသလို သံဖြူဇရပ်-ဘုရားသုံးဆူ မော်တော်ကားလမ်းရှိ မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရနေရာ ဇီးနှစ်ပင်ဂိတ်စခန်းကိုလည်း စစ်တပ်က သိမ်းဆည်းထားဆဲ ဖြစ်သည်။

    ယခုကျင်းပဆဲ ၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ NMSP ညီလာခံတွင် ဗဟိုကော်မတီများနှင့်ကိုယ်စားလှယ်ပေါင်း ၁၁၆ ဦး၊ လေ့လာသူ ၃၀ ဦး၊ အထူးဖိတ်ကြားသူ ၂၀ နှင့် နည်းပညာအထောက်အကူပြု ၂၀ ဦး ပါဝင်တက်ရောက်လျက်ရှိကြောင်း တွေ့ရှိရသည်။

    အလားတူ ၂၀၁၆ ဇန်နဝါရီ ၉ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ၉ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံတွင် ဗဟိုကော်မတီဝင် ၃၃ ဦးနှင့် အရန်ကော်မတီဝင် ၅ ဦး ရွေးချယ်တင်မြှောက်ခဲ့သည်။

    ပါတီညီလာခံကို ၃ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ယခုညီလာခံတွင် ပါတီဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ စစ်ဦးစီးချုပ်နှင့် ဗဟိုအလုပ်အမှုဆောင်နေရာများ အပြောင်းအလဲဖြစ်ပေါ်မည်ဟု မွန်ပြည်သစ်အသိုင်းအဝိုင်းမှ သုံးသပ်ပြောဆိုမှုများရှိနေသည်။

    Photo- ၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီညီလာခံတွင် နိုင်ဟံသာမိန့်ခွန်းပြောကြားစဉ် (MNA

    )

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks