Friday, May 8, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မှ ပျောက်ဆုံးနေသည့် ဆရာဝန်သားအဖနှင့်ပတ်သက်၍ မိသားစုဝင်များမှ သတင်းစာရှင်းလင်း

    မော်လမြိုင်မှ ပျောက်ဆုံးနေသည့် ဆရာဝန်သားအဖနှင့်ပတ်သက်၍ မိသားစုဝင်များမှ သတင်းစာရှင်းလင်း

    -

    ကြယ်နီ (မွန်မြေ ၊ ဒီဇင်ဘာ ၁၂)

    မွန်ပြည်နယ် မော်လမြိုင်မြို့၌ ယခုလ ၅ ရက်နေ့ ညပိုင်းမှ ယနေ့အထိ ပျောက်ဆုံးလျက်ရှိသည့် ဆရာဝန်သားအဖနှင့်ပတ်သက်၍ ကောလဟာလများထွက်ပေါ်နေသည့်အတွက် မိသားစုဝင်များက ယနေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

    မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်နေ ဒေါက်တာ အေးဇော်ထွန်း (၃၁) နှစ်နှင့် သားဖြစ်သူ စသုတမွန် အသက် (၃ နှစ်ခွဲ) တို့ ပျောက်ဆုံးနေသည်မှာ တစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီး မည်သည့်သတင်းမှ မကြားသိရသည့်အတွက် မိသားစုဝင်များက မော်လမြိုင်မြို့ ဆရာဝန်များအသင်းခန်းမ၌ ယနေ့နေ့လည် ၁ နာရီတွင် သတင်းစာရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

    ပျောက်ဆုံးနေသူဆရာဝန်၏ဇနီး ဒေါက်တာ နန်းသင်းသီရိမွန်က “အမေတစ်ယောက်အနေနဲ့ရော ဇနီးတစ်ယောက်အနေနဲ့ပါ ကျွန်မ အရမ်းကို စိတ်ပူပါတယ်၊ တွေ့လည်း တွေချင်တယ်၊ အမြန်ဆုံးလည်း တွေ့ချင်တယ်၊ တစ်ကယ်လို့ တစ်ခုခု ဖြစ်သွားရင်လည်း အဆုံးစွန်ထိ ဖော်ထုတ်သွားမှာပါ”ဟု ပြောသည်။

    ထို့အတူ ဒေါက်တာ အေးဇော်ထွန်းနှင့် သားဖြစ်သူ စီးနင်းသွားသည့် Toyota Wish အမျိုးအစား ခဲရောင်မော်တော်ယာဉ် အမှတ် Mon – 3L/9150 လည်း ပျောက်ဆုံးနေကြောင်း အဆိုပါ လူပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်း၌ ဒီဇင်ဘာလ ၆ ရက်နေ့က လူပျောက်အမှတ်စဉ် (၁၄/၂၀၁၉) ဖြင့် တိုင်ကြားထားကြောင်း သိရသည်။

     “လူမှုကွန်ယက်မှာ ပျံ့နှံ့ှံနေတဲ့ သတင်းတွေရယ် နားလည်မှုလွဲတာတွေရယ် အများကြီး ကြုံရပါတယ်၊ တကယ်တမ်းမှာ ကျွန်တော်တို့ အမှန်တရားဖြစ်စေချင်တာက လက်ရှိ ကိုအေးဇော်ထွန်းနဲ့ ပတ်သက်လို့ ဘာသတင်းမှ မရရှိသေးပါဘူး” ဟု ပျောက်ဆုံးနေသူဆရာဝန်၏ ယောက်ဖတော်စပ်သူ ကိုအောင်သူဟိန်းက ပြောသည်။

    ပျောက်ဆုံးနေသည့် ဆရာဝန် သားအဖနှစ်ဦးနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် သတင်းအမှားများ ထွက်ပေါ်နေသည့်အပေါ်  မိသားစုဝင်များမှ ကာကွယ်ပြောဆိုရန်နှင့် ရှင်းပြရန် အချိန်မရရှိခဲ့ကြောင်း၊ ရှာဖွေရေးကိစ္စရပ်များနှင့် သောကများ ဖြစ်နေသည့်အတွက် ပြန်လည် ဖြေရှင်းချက် မပေးနိုင်ခဲ့၍ သတင်းအမှန်ဖြစ်စေရေး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

    မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဇင်မိုးကလည်း “၇ ရက်နေ့ကနေစပြီး မိသားစုကနေပြီး ကျွန်တော်တို့ကို အကူအညီတောင်းလာတယ်၊ ဒေါက်တာအေးဇော်ထွန်းတို့ သားအဖ တကယ်ပဲ ပျောက်သွားတာလား၊ ရာဘာတောတွေမှာပဲ ပုန်းပြီး ရောက်နေနိုင်လား မြစ်ထဲချောင်းထဲပဲ ကျသွားတာလား ချောက်တွေထဲပဲ ကျသွားတာလား အကူအညီတောင်းလာလို့ ကျွန်တော်တို့ အခြားလူမှုကယ်ဆယ်ေးရအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး သူတို့ မိသားစုတွေနဲ့အတူ ရှာဖွေရေးတွေ လုပ်ပေးခဲ့တယ်” ဟု ပြောသည်။

    သားဖြစ်သူနှင့်အတူ ဒေါက်တာ အေးဇော်ထွန်းနှင့် သူငယ်ချင်းများက မော်လမြိုင်ဖက်ခင်းလမ်းရှိ ဧရာဝတီ စားသောက်ဆိုင်၌ ဒီဇင်ဘာလ ၅ ရက်နေ့ညပိုင်း တွေ့ဆုံခဲ့ကြပြီး အပြန်တွင် နေအိမ်သို့ မရောက်ရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်း၊ စားသောက်ဆိုင်မှ မပြန်ခင်အချိန်အထိ ဇနီးဖြစ်သူနှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း၊ CCTV မှတ်တမ်းများအရ စားသောက်ဆိုင်မှ အပြန်တွင် ၎င်းသည် အုတ်ဖိုလမ်းဘက်မှ နေအိမ်သို့ ပြန်မည့်လမ်းကို ရွေးချယ်ခဲ့ကြောင်း သို့သော်လည်း အိမ်သို့ မရောက်ရှိခဲ့ဘဲပျောက်ဆုံးနေခြင်း ဖြစ်သည်။

    အဆိုပါပျောက်ဆုံးမှုကို မြို့အဝင်အထွက် စီစီတီဗွီမှတ်တမ်းများအရ ၎င်းတို့ကားမှာ မြို့အပြင်ကို မထွက်သေးကြောင်း၊ ရဲစခန်းမှ တာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊မီးသတ်အဖွဲ့များ ၊ ကယ်ဆယ်ရေးအဖွဲ့များ ၊ ပရဟိတ အဖွဲ့များအားလုံး စုပေါင်းပြီး ဖြစ်နိုင်ခြေရှိမည့်နေရာများ၊ ရာဘာခြံများ၊ မသင်္ကာစရာနေရာအားလုံးကို လိုက်လံရှာဖွေခဲ့သော်လည်း ယနေ့အထိ ပဟေဠိဆန်ဆန် ပျောက်ဆုံးလျက်ရှိသည်။

    Photo – ပျောက်ဆုံးနေသောဆရာဝန်သားအဖဓါတ်ပုံ (Thu Thu Kha Magway)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks