Tuesday, April 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဂျပန်ရေတွင်းမွန်ပြည်သစ်စခန်းအနီး စစ်တပ်မှတပ်စွဲထားသည့်အတွက် နားလည်မှုလွဲမှား၍ ပစ်ခတ်ကြမည်ကိုစိုးရိမ်

    ဂျပန်ရေတွင်းမွန်ပြည်သစ်စခန်းအနီး စစ်တပ်မှတပ်စွဲထားသည့်အတွက် နားလည်မှုလွဲမှား၍ ပစ်ခတ်ကြမည်ကိုစိုးရိမ်

    -

    မွန်သတင်းအေဂျင်စီ (ဒီဇင်ဘာ ၁၂)

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်း မွန်တပ်ခွဲရုံးမှ စစ်တပ်ပြန်လည်ဆုတ်ခွာလိုက်သော်လည်း ကိုက် ၃၀၀ ခန့်အကွာခန့်ရှိ ဟင်္သာတိုင်ဂိတ်စခန်း၌ နီးကပ်စွာဆက်လက်တပ်စွဲထားပြန်သဖြင့် တဖက်နှင့်တဖက်နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရသည်။ 

    ယင်းသို့ နှစ်ဖက်တပ်ဖွဲ့များ ပစ်ခတ်နိုင်သည့်အနေအထား လက်တစ်ကမ်းအကွာတွင်ရှိနေသောကြောင့် ရွာသားများအနေဖြင့် စိတ်ချလုံခြုံစွာ မိမိတို့နေအိမ်များသို့ ပြန်မနေရဲသေးကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးရာဌာနတာဝန်ခံ နိုင်အောင်မငေးက ပြောသည်။

    နိုင်အောင်မငေးက “မြေပြင်အနေအထားမှာ တပ်တွေကတဖက်နဲ့တဖက် သိပ်ပြီးနီးကပ်လွန်းတဲ့အတွက် စိတ်ချရတဲ့အခြေအနေမျိုးမှာ မရှိသေးပါဘူး၊ သတိနဲ့နေထိုင်နေရတယ်၊ စိတ်မချရဘူး၊ ကြားမှာ ဘယ်လိုဘယ်လို ဘယ်ကနေမှန်းမသိရဘဲ သေနတ်သံတစ်ချက်ပေါက်သွားတာနဲ့ အထင်အမြင်လွဲမှားမှုတွေဖြစ်လာနိုင်ပြီး ပစ်ခတ်မှုတွေက အချိန်မရွေးဖြစ်ပေါ်လာနိုင်တယ်၊ ဒါကြောင့် ရွာသားတွေလည်း စိတ်ချလက်ချနဲ့ အိမ်မပြန်ဖြစ်သေးဘူး” ဟု ဆိုသည်။

    လက်ရှိ ဂျပန်ရေတွင်းဖြစ်စဉ်တွင် တပ်မတော်က NCA စာချုပ်ချိုးဖောက်ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC သို့ တင်ပြထားသည့်အတွက် မကြာမီတွင် ပြည်ထောင်စုအဆင့် JMC-U အရပ်သားကိုယ်စားလှယ်များ ကွင်းဆင်းစစ်ဆေးမည်ဟု နိုင်အောင်မငေးပြောကြားခဲ့သော်လည်း မည်သည့်နေ့ရက်တွင် လာရောက်ဖြစ်မည်ကို ပြောကြားခြင်းမရှိပေ။

    အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်က ““ကျနော်တို့က NCA စာချုပ်မှာပါတဲ့နေရာတွေကို သူတို့နေရာသူတို့ ပြန်ပေးထားတယ်ဗျ၊ NCA စာချုပ်မှာပါတဲ့ ဂျပန်ရေတွင်းက သူတို့ ခွဲရုံးစိုက်တဲ့နေရာ ဖြစ်ပါတယ်ဗျ၊ ဟင်္သာတိုင်က NCA စာချုပ်မှာ သူတို့နေရာ မဟုတ်ဘူးလေ”ဟု RFA သတင်းဌာနသို့ ပြောကြားခဲ့သည်။

    သို့ရာတွင် အစိုးရနှင့်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရဧရိယာမှာ ဂျပန်ရေတွင်းတပ်ခွဲရုံးကို Pinpoint ဗဟိုပြု၍ အချင်းဝက် ၅ မိုင်ရှိ စက်ဝိုင်းသဏ္ဍာန်ဧရိယာသတ်မှတ်သဖြင့် ဘုရားသုံးဆူမြို့အစပ်ထိအကျုံးဝင်လျက်ရှိကြောင်း နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်ရပ်ဆွေးနွေးပွဲတွင် တပ်ပိုင်းနေရာချထားမှုနှင့်ပတ်သက်၍ ဦးဆောင်ခဲ့သူ မွန်ပြည်သစ်ပါတီမှ အငြိမ်းစား ဗိုလ်မှူးကြီးကောင်းရွတ်က ပြောသည်။

    “ပထမအကြိမ်အပစ်ရပ်တုန်းက တပ်မတော်နဲ့ မွန်ပြည်သစ် နှစ်ဖက်သဘောတူညီချက်မှာ တပ်တည်ခွင့်ရဧ ရိယာက အချင်းဝက် ၅ မိုင်စက်ဝိုင်းပုံစံပေါ့၊ တပ်တည်ခွင့်နေရာတစ်နေရာ ဟိုဘက်နဲ့ဒီဘက်အစွန်းဆိုရင် ၁၀ မိုင်ရှိပါတယ်၊ ၁၉၉၅ ခုနှစ်ကတည်းက ရတခမှာ ကျနော်တို့သဘောတူခဲ့ကြတာပါ၊ အဲဒီသဘောတူညီချက်တွေကို သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်မှာ မွန်ပြည်သစ်တပ်တည်ခွင့်ရဧရိယာနေရာ ၁၈ ခုကိုပြန်ပြီး အသိအမှတ်ပြုအတည်ပြုပေးခဲ့တာ၊ NCA လက်မှတ်ထိုးတဲ့အခါမှာလည်း ဒါတွေကိုပြန်ပြီးအတည်ပြုပေးခဲ့တာပဲ၊ ဆိုတော့ ဟင်္သာတိုင်က NCA စာချုပ်မှာမပါဘူးလို့ပြောနေတာ ကာနယ်ကြီးအနေနဲ့ အဲဒီသဘောတူညီချက်တွေကို တကယ်ပဲမသိခဲ့တာလား၊ မသိချင်ယောင်ဆောင်နေတာလားတော့ မပြောတတ်ဘူး” ဟု ဆိုသည်။

    ယခုအခါ ဂျပန်ရေတွင်း ရွာသားများအနေဖြင့် စစ်တပ်နှင့် မွန်ပြည်သစ်တပ်ဖွဲ့အကြား ပစ်ခတ်မှုပြန်လည်ဖြစ်ပေါ်လာနိုင်သည် စိုးရိမ်နေကြသည့်အတွက် ညပိုင်းများတွင် အခြားလုံခြုံစိတ်ချသောနေရာများသို့ ပြောင်းရွေ့နေထိုင်ကြပြီး နံနက်ပိုင်းတွင် မိမိနေအိမ်များသို့ အသီးသီးပြန်လာကြကြောင်း၊ သို့သော် မိမိတို့လုပ်ငန်းများကို ပုံမှန်မဆောင်ရွက်နိုင်သေးကြောင်း၊ ထို့အတူ သီတင်းပတ် ၂ ပတ်ကျော်ကြာ စစ်ဘေးပြေးရှောင်ခဲ့ရဖြင့် ဂျပန်ရေတွင်းအလယ်တန်းကျောင်းကိုလည်း ဆက်လက်ပိတ်ထားရဆဲဖြစ်ကြောင်း ကျေးရွာရပ်မိရပ်ဖများထံမှ သိရသည်။

    မွန်ပြည်သစ်ဟင်္သာတိုင်ဂိတ်စခန်းအား နိုဝင်ဘာ ၂၇ ရက်နေ့က ဖြတ်သန်းဝင်ရောက်လာသည့် စစ်တပ်ကားတန်းကို မွန်ပြည်သစ်တပ်ဖွဲ့ဝင်များပစ်ခတ်ရာမှ နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့ထပ်မံအင်အားဖြည့်ကာ ဂျပန်ရေတွင်း မွန်တပ်စခန်းကို တပ်က ဝင်ရောက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

    Photo- တပ်နှင့် မွန်ပြည်သစ်စခန်းနီးကပ်စွာ တည်ရှိနေပုံ(Google Map)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks