spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတိုင်းရင်းသားပါတီအားလုံး စုဖွဲ့ချိတ်ဆက်နိုင်ရန် ပြည်နယ်အခြေစိုက် ၅ ပါတီကြိုးပမ်းမည်

    တိုင်းရင်းသားပါတီအားလုံး စုဖွဲ့ချိတ်ဆက်နိုင်ရန် ပြည်နယ်အခြေစိုက် ၅ ပါတီကြိုးပမ်းမည်

    -

    မွန်သတင်းအေဂျင်စီ-(နိုဝင်ဘာ ၁၀)

    ပူးပေါင်းပြီးဖြစ်သော သက်ဆိုင်ရာပြည်နယ်အခြေစိုက်တိုင်းရင်းသား နိုင်ငံရေးပါတီ ၅ ပါတီတို့ ၃ ရက်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကျန်ရှိသည့်တိုင်းရင်းသားပါတီများနှင့် သဘောထားများ တစ်စုတစ်စည်းတည်းဖြစ်စေရန် စုဖွဲ့ချိတ်ဆက်သွားမည်ဟု သတင်းရရှိသည်။

    ပြည်နယ်အသီးသီးက ပေါင်းစည်းပြီးဖြစ်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD နှင့် မွန်ညီညွတ်ရေးပါတီ MUP ခေါင်းဆောင်များ ရန်ကုန်မြို့ Summit Parkview Hotel ၌ ဒီဇင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်ကြာဆွေးနွေးခဲ့ပြီးနောက် ယင်းကဲ့သို့ သဘောထားများ စုစည်းနိုင်ခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက ပြောသည်။

    နိုင်လယိတမက “၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ တိုင်းရင်းသားပါတီအားလုံး စုဖွဲ့ချိတ်ဆက်မှု ရှိဖို့လိုတယ်ဆိုတဲ့ အမြင်သဘောထားတွေတူကြတယ်၊ အဲဒီလို စုဖွဲ့ချိတ်ဆက်မှုတစ်ခုခုရအောင်တော့ ၅ ပါတီ ဆက်ပြီးတော့ နည်းလမ်းတွေ ရှာကြံသွားမယ်” ဟု ဆိုသည်။

    ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်ဟူသည့်စကားရပ်တွင် တိုင်းရင်းသားများက ဖက်ဒရယ်ဒီမိုကရေစီကို သဘောတူလက်ခံထားကြောင်း၊ ရွေးကောက်ပွဲပြင်ဆင်ရေးနည်းပဒေ ပုဒ်မ ၁၀ ပြန်လည်ပြင်ဆင်ရာတွင် ရက်ပေါင်း ၉၀ ကျော်နေထိုင်ရုံဖြင့် ရောက်ရှိရာဒေသမှ မဲပေးခွင့်ကို ပြည်ထောင်စုအဆင့်လွှတ်တော်များ၌ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ကန့်ကွက်သွားရန် အမြင်သဘောထားရှိကြသည်ဟု ၎င်းက ဆက်ပြောသည်။

    ထို့အတူ တိုင်းရင်းသားပါတီ ၅ ပါတီခေါင်းဆောင်များအနေဖြင့် ယခုဆွေးနွေးပွဲတွင် ခိုင်မာသောဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်းမရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်တွင် တိုင်းရင်းသားပါတီများ ညီလာခံတစ်ခုကျင်းပနိုင်ရေး အပေါ်ယံသဘောဆွေးနွေးဖြစ်သည်ဟုလည်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဥက္ကဌ ဒေါက်တာတူးဂျာက ဆိုသည်။

    ဒေါက်တာတူးဂျာက “ခိုင်ခိုင်မာမာ သဘောတူညီချက် ချမှတ်တာတော့မရှိဘူးလို့ ပြောလို့ရတယ်၊ အမြင်တူနေတာ အကြံဉာဏ်တူနေကြတယ်၊ ညီညွတ်ရေးကို တည်ဆောက်နေတာပါ၊ အချင်းချင်းနားလည်သဘောပေါက်တယ်၊ ယုံကြည်မှုကောင်းကောင်းတည်ဆောက်နိုင်တယ်၊ တိုင်းရင်းသားပါတီညီလာခံတစ်ခု ကျင်းပနိုင်ရေး အပေါ်ယံကိုတော့ ဆွေးနွေးဖြစ်တယ်” ဟု ဆိုသည်။

    လက်ရှိတွင် တရားဝင်နိုင်ငံရေးပါတီ ၉၆ ပါတီရှိသည့်အနက် ၅၂ ပါတီမှာ တိုင်းရင်းသားပါတီများ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

    ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD အတွင်းရေးမှူး ဆလိုင်းပီပီက “ သို့သော်လည်းပဲ ကျနော်တို့ CNLD ပါတီအနေနဲ့ ရပ်တည်ချက်တစ်ခုရှိတယ်၊ ၅ ပါတီနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ဘာမှမရှိသေးဘူးလို့ ခိုင်ခိုင်မာမာ ပြောလို့ရတယ်”ဟု ဆိုသည်။

    အဆိုပါ ပြည်နယ်အခြေစိုက်တိုင်းရင်းသားပါတီ ၅ ပါတီတို့သည် မဟာမိတ်တပ်ပေါင်းစုတစ်ခုအဖြစ် ပေါင်းစည်းထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားပါတီအချင်းချင်း ဖိုရမ်တစ်ခုမှာ လာရောက်တွေ့ဆုံကြသည့်အနေအထားမျိုးတွင် ရပ်တည်လျက်ရှိကြောင်း၊ ရခိုင်နှင့် ရှမ်းပါတီအချင်းချင်း ပူးပေါင်းနိုင်ခြင်းမရှိသေးကြောင်း၊ အများအားဖြင့် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA နှင့် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း NBF တပ်ပေါင်းစုတို့တွင် ပါဝင်ခဲ့သည့်ပါတီများအတွက် တစ်ခုတည်းသောတပ်ပေါင်းစုအဖြစ်တည်ဆောက်နိုင်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း  တိုင်းရင်းသားအရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ထားသည်။

    Photo- တိုင်းရင်းသား နိုင်ငံရေးပါတီ ၅ ပါတီခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးမှု(KSPP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks