အဂ္ဂနွန် (ဒီဇင်ဘာ ၁၀)
မွန်ပြည်နယ် သက်ငယ်မုဒိမ်းမှုများတွင် မိသားစုဝင်အကြား ကလေးနှင့်ရင်းနှီးသူတွေက ပိုမိုအဖြစ်များခဲ့သည်ကို တွေ့ရကြောင်း မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
“အဖြစ်နှုန်း ၇၀ ရာခိုင်နှုန်းဟာ ကလေးတွေနဲ့ရင်းနှီးတဲ့သူတွေပဲ၊ သူစိမ်းဆိုတာ အင်မတန်နည်းတယ်။ ဖြစ်လာတဲ့ ပြဿနာတွေမှာ သူစိမ်းက ကလေးတစ်ယောက်ကို ကျောင်းပေါက်မှာ လက်ဆွဲပြီး ကားပေါ်တင်ဖို့ ဆိုင်ကယ်ပေါ်တင်ဖို့ ခေါ်သွားဖို့ဆိုတာ အရမ်းခဲယဉ်းတယ်၊ ဒီကလေးက သူစိမ်းတစ်ယောက်အနားကပ်လာတာနဲ့ သူက အော်မှာပဲ သူ့ရဲ့ Active က ချက်ချင်းကို တုန့်ပြန်မယ်၊ ကျွန်မတို့ အခုဖြစ်တဲ့ ဖြစ်စဉ်တွေက ကလေးနဲ့ ရင်းနှီးတယ်၊ ရင်းနှီးလို့ သိမ်းသွင်းတယ်၊ သိမ်းသွင်းလို့ ဒီဖြစ်စဉ်ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
Data အချက်အလက်များအရ အသက် ၇ နှစ်နှင့် ၁၄ နှစ်ကြား ဖြစ်ပွားမှုနှုန်းက ပိုများနေသည်ကိုတွေ့ရပြီး ဦးလေးနှင့် ဖြစ်သည့် ဖြစ်စဉ်လည်းရှိသလို အဖေနှင့် ဖြစ်သည့် ဖြစ်စဉ်လည်း ရှိခဲ့ကြောင်း၊ ယခင်က သက်ငယ်မုဒိမ်းမှုဖြစ်လာလျင် မည်သည့်နေရာသို့တိုင်တန်းရမည်ကို မသိရှိခြင်း၊ မည်သည့်နေရာကို အကူအညီတောင်းခံရခြင်းမသိရှိသဖြင့် သက်ငယ်မုဒိန်းမှုဖြစ်စဉ်များရှိခဲ့သော်လည်း ဖြစ်စဉ်များကြားသိရမှုနည်းပါးသည်ဟု ခေါ်ခိုင်ခိုင်လဲ့ ထောက်ပြသည်။
ကလေးသူငယ်များ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် အကြမ်းဖက်ခံရမှုတွင် မြန်မာများ၏ အပြစ်တင်ကြသည့် အလေ့အထရှိသော လူမှုအသိုင်းအဝိုင်းကြောင့် ယင်းဖြစ်စဉ်များပေါ်ပေါက်လာလျှင် ပြန်ပြောပြရမည်ကို ရှက်ခြင်းကြောက်ရွံခြင်းတို့ကြောင့် တိုင်ကြားမှုနည်းပါးရခြင်းဖြစ်သည်။
ကျား-မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ အသိပညာပေးကာလလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ မိအားမွန်ဗလွဲက “ကျွန်မတို့ပြောပြောနေတဲ့ အိမ်တွင်းအကြမ်းဖက်မှုဆိုရင် ဒီရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုတို့ပါမယ် နောက်ပြီး စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပါမယ်၊ အခုဆိုရင် ကလေးများကို အကြမ်းဖက်မှုတွေက ပိုပြီးများလာနေတယ်၊ ကလေးရဲ့လိင်ပိုင်ဆိုင်ရာအကြမ်းမှုပေါ့ အဲ့ဒီဟာတွေကို ကျွန်မတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ပိုပြီးဖြစ်များလာတယ်” ဟု ဆိုသည်။
မွန်ပြည်နယ်တွင် သက်ငယ်မုဒိမ်းလျော့ကျစေရန်အတွက် “ကလေးတို့အန္တရာယ်ကင်းစင်ဖို့ အသိပညာပေးကာကွယ်စို့’ ဆိုသည့် ခေါင်းစဉ်ဖြင့် စာသင်ကျောင်းများမှာ အသိပညာပေး လှုပ်ရှာခဲ့တာ အကြိမ်ရေ ၃၀ ကျော်ခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌက ဆိုသည်။
မွန်ပြည်နယ်တွင် ၂၀၁၉ ဇန်နဝါရီမှ နိုဝင်ဘာအထိ မုဒိမ်းမှုပေါင်း ၉၀ မှုအနက် သက်ငယ်မုဒိမ်း ၆၉ မှု ရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှုပေါင်း ၅၇ မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါသည်။