spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်ပြေးစဉ် ဂျပန်ရေတွင်းရွာမှ ကျပ်သိန်း ၅၀၀ ကျော်တန်ဘိုးရှိ ပစ္စည်းများဖောက်ထွင်းခိုးယူခြင်း ခံလိုက်ရဟုဆို

    စစ်ပြေးစဉ် ဂျပန်ရေတွင်းရွာမှ ကျပ်သိန်း ၅၀၀ ကျော်တန်ဘိုးရှိ ပစ္စည်းများဖောက်ထွင်းခိုးယူခြင်း ခံလိုက်ရဟုဆို

    -

    မွန်သတင်းအေဂျင်စီ-(ဒီဇင်ဘာ ၈)

    တပ်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်များ ဂျပန်ရေတွင်းရွာ၌ တစ်ပတ်ကြာခန့်ဝင်ရောက်ထိန်းချုပ်ထားစဉ်အတွင်း စစ်ပြေးစဉ်နေအိမ်များဖောက်ထွင်းခိုးယူခံလိုက်ရသဖြင့် တန်ဘိုးငွေကျပ်သိန်း ၅၀၀ ကျော် ဆုံးရှုံးခဲ့ရသည်ဟု ရပ်မိရပ်ဖများက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ရွာထဲကနေ တပ်နဲ့ BGF ပြန်ထွက်သွားပြီ၊ အိမ် ၁၀ အိမ်လောက် ရစရာမရှိလောက်အောင် ဖောက်ထွင်းခံလိုက်ရတယ်၊ သူတို့စာရင်းပေးထားတာရှိတယ်၊ အားလုံးကို ဒီနေ့စာရင်းချုပ်လိုက်တော့ ဘတ်ငွေ ၁၀ သိန်းကျော်လောက်တန်ဘိုးရှိတော့ မြန်မာငွေနဲ့ တွက်ကြည့်ရင် ကျပ်သိန်းငါးရာကျော်ရှိတာပေါ့” ဟု ဂျပန်ရေတွင်း ရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    ဂျပန်ရေတွင်းရွာရှိ မော်တော်ကားဝပ်ရှော့တစ်ရုံ၊ မော်တော်ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်၊ မော်တော်ကား မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ ဈေးဆိုင်တစ်ဆိုင်၊ နေအိမ်များမှ အဖိုးတန်အင်္ကျီအဝတ်အစားများ၊ စုဗူးငွေများ၊ လက်ကိုင်ဖုန်းများ၊ ရုပ်မြင်သံကြား၊ TV စလောင်း၊ အပ်ချုပ်စက်၊ မီးဖိုချောင်သုံးပစ္စည်များနှင့် အိမ်မွေးတိရိစ္ဆာန်များ ပါဝင်သည်ဟု ဆိုသည်။ 

    “ကားဝပ်ရှော့ရုံမှာဆိုရင် စက်ပြင်ပစ္စည်းကရိယာတွေ ဂဟေဆော်တဲ့ကိရိယာကအစ လေအိုးတွေ အကုန်လုံးသယ်သွားတယ်၊ ဆိုင်ကယ်ပြင်ဆိုင်ဆိုရင် အပိုပစ္စည်းတွေ ဘတ် ၃ သိန်းလောက်တန်ဘိုးရှိတယ် အကုန်လုံးယူသွားတယ်၊ ဈေးဆိုင်ဆိုရင်လည်း အကုန်လုံးပြောင်သွားတာပဲ၊ နောက်ပြီး ရန်ကုန်လိုင်စင် D4D ကားတစ်စီးလည်း ပျောက်သွားတယ်” ဟု ၎င်းရပ်မိရပ်ဖအဖွဲ့ဝင်က ဆက်ပြောသည်။

    လက်ရှိတွင် ဂျပန်ရေတွင်းရွာအစွန်နှင့် ကိုက် ၃၀၀ ခန့်အကွာ ဟင်္သာတိုင်ဂိတ်တွင် တပ်ကဆက်လက်အခြေပြုထားသဖြင့် ရွာသားများအားလုံး အိမ်ပြန်မလာရဲသေးကြောင်း၊ ဂျပန်ရေတွင်း မွန်အမျိုးသား အလယ်တန်းကျောင်းကိုလည်း မည်သည့်အချိန်တွင် ပြန်လှည်ဖွင့်လှစ်မည်ကို မသိရသေးကြောင်း မွန်ကျောင်းဆရာမတစ်ဦးက ဆိုသည်။

    ၎င်းက “လောလောဆယ်မှာတော့ စိတ်ချရတဲ့အနေအထားမရှိသေးပါဘူး၊ တပ်နဲ့ မွန်ပြည်သစ်က ကိုက် ၃၀၀ အကွာလောက်မှာပဲ ရှိနေတာ အချိန်မရွေး ပစ်ခတ်နိုင်တဲ့အနေအထားမှာပါ၊ ရွာသားတွေကျတော့ နေ့အိမ်ပြန် ညအခါ တခြားရွာတွေကို နေရာပြောင်းပြီးအိပ်ကြတယ်၊ နေခင်းပိုင်းဆိုရင် လမ်းမကြီးတန်းမှာ အိမ်တံခါးတွေ အားလုံးပိတ်ထားကြတုန်းပဲ၊ တပ်မပြန်မချင်းပေါ့ ပုံမှန်အနေအထားပြန်ရောက်ဖို့က အချိန်တော်တော်လေးယူရဦးမယ်ထင်ပါတယ်၊ ကျောင်းသားတွေ စာမေးပွဲဖြေဖို့လည်း ရက်နီးကပ်လာပြီ” ဟု ဆက်ပြောသည်။  

    ဂျပန်ရေတွင်းရွာ မွန်အမျိုးသားအလယ်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူ ၁၀၀ ကျော်ရှိပြီး စာသင်ကျောင်း ပိတ်ထားရသည်မှာ ၁၀ ရက်ကျော် ကြာမြင့်ပြီဖြစ်သည်။

    မွန်ပြည်သစ်ပါတီတပ်တည်ခွင့်ရ ဂျပန်ရေတွင်းဧရိယာမှ အစိုးရတပ်လုံးဝပြန်လည်ဆုတ်ခွာသွားရန် နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များ ဆွေးနွေးခဲ့ကြသည်ဆိုသော်လည်း ရေရာသောရလဒ်အဖြေ ထွက်ပေါ်လာခြင်းမရှိသေးပေ။

    မွန်တပ်တည်ဧရိယာအတွင်းသို့ နိုဝင်ဘာ ၂၇ ရက်နေ့က စစ်ယူနီဖောင်းလက်နက်အပြည့်အစုံဖြင့် တပ်မှအတင်းဝင်ရောက်လာသည့်အတွက် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဂျပန်ရေတွင်းရွာနှင့် မွန်တပ်စခန်းနေရာကို တပ်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်ထားသဖြင့်  ရွာသားတစ်ထောင်နီးပါးခန့် စစ်ဘေးရှောင်အဖြစ် ထိုင်းနယ်မြေအတွင်းသို့ တစ်ပတ်ကျော်ခန့် ဝင်ရောက်ခိုလှုံခဲ့ရခြင်း ဖြစ်သည်။

    Photo- ဖောက်ထွင်းခိုးယူခြင်းခံရသည့် စိုးခိုင်မော်တော်ဆိုင်ကယ်ပြင်ဆိုင်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks