ကြယ်နီ (မွန်မြေ၊ ဒီဇင်ဘာ ၈)
အပြည်ပြည်ဆိုင်ရားတရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံတရားစွဲခံထားရသည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ဖြေရှင်းမှုနှင့်ပတ်သက်၍ ယနေ့ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၌ လူထုထောက်ခံပွဲ ပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ကျွန်တော်တို့ နိုင်ငံအတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် The Hague ကိုသွားပြီးတော့ ခုံရုံမှာ သွားပြီး ဖြေရှင်းမယ့် ကိစ္စကို ကျွန်တော်တို့ ပြည်သူလူထုအားလုံး အလွှာတန်းစားအစုံ လူမျိုးအစုံ ပါတီအဖွဲ့အစည်းက ထောက်ခံတဲ့ပွဲပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်မှ ပြည်သူလူထု ၇ ထောင်ခန့် ထောက်ခံပွဲ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့လာသည့် ထုတ်ပြန်ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မွန်ပြည်နယ်) ဥက္ကဌက ဖတ်ကြားခဲ့သည်။
ထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုထားကြောင်းကို ယခုနှစ် အောက်တိုဘာလ တွင် အကြောင်းကြားထားခဲ့ကြောင်း၊ အကြောင်းပြချက်မှာ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် အရေးကိစ္စများတွင် မြန်မာနိုင်ငံ၌ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအား လိုက်နာမှုမရှိဟူသော စွဲချက်ဖြင့် တရားစွဲဆိုထားကြောင်း ဖော်ပြထားသည်။
ထို့အပြင် လွတ်လပ်သောစုံစမ်းရေးကော်မရှင် (ICOE) အဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အစီရင်ခံစာ တင်သွင်းသွားမည်ဖြစ်ကြောင်း၊ ထိုအစီရင်ခံစာအရ သက်သေထင်ရှားသော ချိုးဖောက်မှုများ တွေ့ရှိပါက ဥပဒေအရ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထိုလူမျိုးတုန်းသတ်ဖြတ်မှုကိစ္စရပ်နှင့်ပတ်သက်၍ “အဲဒါတော့ ကျွန်တော်တို့ ပြောလို့မရသေးဘူး၊ ပြောလို့မရသေးဘူးဆိုတာက ကော့်ဇ်ဘဇားမှာ သွားပြီးတော့ လေ့လာရမယ်၊ အခုအချိန်ထိတော့ လေ့လာဖို့အတွက်အခွင့်အရေးမရသေးဘူး၊ ဒီကိစ္စဖြစ်လာဖို့ကလည်း ကြားဦးမယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ဥက္ကဌ ဒေါက်တာခင်ဆောင်က ပြောသည်။
ယခုကဲ့သို့ ထောက်ခံပွဲ ပြုလုပ်ခြင်းအားဖြင့် မိမိတို့နိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုမရှိဘူးဆိုသည့် အကြောင်း၊ သွားရောက်ဖြေရှင်းသည့် နေရာတွင်လည်း ယခုကဲ့သို့ ထောက်ခံခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြောသည့် စကားများသည် ပြည်သူလူထု၏ အသံဖြစ်ကြောင်းနှင့် နိုင်ငံတကာမှလည်း ပြည်သူအသံကို သိရှိသွားမည်ဖြစ်ကြောင်း ဒေါက်တာခင်ဆောင်က ဆက်ပြောသည်။
ယင်းထောက်ခံပွဲ အခမ်းအနားတွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ၊ ဒေါ်အောင်ဆန်းစုကြည် အောင်မြင်ပါစေ” ဟု ကြွေးကျော်ခဲ့ကြသည်။
သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ သွားရောက်မည့်ကိစ္စသည် တရားဥပဒေကြောင်းအရ အကျိုးရှိဖို့ နည်းမည်ဖြစ်ကြောင်း၊ လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဆိုသည့် အချက်အလက်များကို နှစ်ပေါင်းများစွာ စုဆောင်းထားသည့် နိုင်ငံတကာကစွပ်စွဲမှုများကို ဖြေရှင်းရန် ခက်ခဲသည့်အနေအထားဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ပြောဆိုချက်များကို BBC သတင်းဌာနက ဖော်ပြသည်။
ဂမ်ဘီယာနိုင်ငံက ကြားဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေးရန် လျှောက်ထားချက်နှင့်ပတ်သက်၍ နှစ်ဖက်စလုံးက နှုတ်ဖြင့်လျှောက်လဲ တင်သွင်းခြင်းများကို အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် အဆိုပါ တရားစွဲဆိုလျှောက်ထားမှုကို တုံ့ပြန်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ နယ်သာလန်နိုင်ငံသို့ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်သည်။