spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် ရဲတစ်ဦးသေနတ်ပစ်ခံရသည့်မူးယစ်ဆေးဝါးအမှု လက်နက်ကိုင်အဖွဲ့တစ်ခုခုနှင့် ပတ်သက်နေဟုယူဆ

    ကျိုက်မရောမြို့နယ်တွင် ရဲတစ်ဦးသေနတ်ပစ်ခံရသည့်မူးယစ်ဆေးဝါးအမှု လက်နက်ကိုင်အဖွဲ့တစ်ခုခုနှင့် ပတ်သက်နေဟုယူဆ

    -

    ကြယ်နီ (မွန်မြေ) ဒီဇင်ဘာ ၈)

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာ၌ ယခုလ ၅ ရက် ညနေပိုင်းက မူးယစ်(အထူး) တပ်ဖွဲ့မှ မူးယစ်ဆေးဝါး သွားရောက်ဖမ်းဆီးပြီးအပြန်တွင် ရဲတပ်ကြပ်ကြီးတစ်ဦးသေနတ်ပစ်ခတ်ခံရမှုသည် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုခုနှင့် ပတ်သက်နေသည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက မီဒီယာများကို ယူဆပြောဆိုလိုက်သည်။

    “ပစ်ခတ်မှုမှာ ပြန်ကြည့်မယ်ဆိုရင် လက်နက်ကိုင်တစ်ခုခုနဲ့ ပတ်သက်နေတယ်လို ယူဆရပါတယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်၍ ကိုယ်တောင်မေးခွန်းထုတ်ချင်ပါသေးတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းအများ အနေနဲ့ ပါဝင်ပတ်သက်နေသလားဆိုတာကိုပါ၊ ဒီဖြစ်စဉ်ကို ကြည့်ချင်းအားဖြင့် ပတ်သက်လား မပတ်သက်လားဆိုတာကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက သိသွားမှာပဲ၊ ဒီလိုလုပ်လိုက်ခြင်းအားဖြင့်လည်း ပတ်သက်နေတယ်ဆိုတာကို သက်သေပြတယ်လို့လည်း ပြောလို့ရပါတယ်၊ မပတ်သက်ဘူးဆိုရင် ဒီပြသနာဖြစ်လာစရာ အကြောင်းမရှိဘူး” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

    ကျိုက်မရောမြို့နယ်အတွင်း NCA လက်မှတ်ထိုးသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပြင် တပ်မတော်ထံလက်နက်ချပြီး လက်နက်ကိုင်ဆောင်၍ လှုပ်ရှားခွင့်ပြုထားသည့်အဖွဲ့အစည်းများရှိသည်။ သို့ရာတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းအား ရည်ညွှန်းထုတ်ဖော်ပြောကြားခြင်း မရှိပေ။

    ပစ်ခတ်မှုဖြစ်စဉ်မှာ မော်လမြိုင်မူးယစ်တပ်ဖွဲစု (၃၈)မှ ရဲတပ်ဖွဲ့ဝင် ခုနှစ်ဦးတို့က သတင်းအရ သက်သေများနှင့်အတူ မုဆိုးကျွန်းကျေးရွာနေ မရဟီမာဘီ (၃၈) နှစ် (ဘ) ဦးရှဖီးနှင့် တူမဖြစ်သူ မတင်တင်မြင့်(ခ)ရိုစနာဘီ (၂၂) နှစ် (ဘ) ဦးမူစီရာ နှစ်ဦးတို့ထံမှ ၎င်းတို့ နေအိမ်တွင် WY စာတန်းပါ ပန်းရော စိတ်ကြွရူးသွပ်ဆေးပြား (၁၅၄၀) ပြား၊ ငွေစက္ကူရောရာ ငွေကျပ် နှစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပြီး အပြန်လမ်းတွင် ပြောက်ကျားယူနီဖောင်းဝတ်ဖြင့် အမျိုးသားတစ်ဦး နောက်မှလိုက်လာကာ သေနတ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

    ထိုသို့ ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်ကြီး ရန်နိုင်မြင့်၏ ယာဘက်နားနောက် ကျည်ဆံရှပ်ထိ ဒဏ်ရာရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း၊ ပစ်ခတ်သူမှာ ထွက်ပြေးသွားခဲ့သည့်အတွက် လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ကျိုက်မရောမြို့မရဲစခန်းက ဆိုသည်။

    “မူးယစ်ဆေးဝါးနဲ့ ပတ်သက်၍ ကျွန်တော်တို့မှာ ဖမ်းဆီးရမယ့်တာဝန်ရှိတယ် တားဆီးရမယ့် တာဝန်ရှိတယ်၊ နောက်ပြီးတော့ ဒီနေရာတွေမှာ တရားဥပဒေစိုးမိုးမှု လိုအပ်တယ်ဆိုတာကို ကိုယ်တိုင်သွားကြည့်ထားပါတယ်၊ အခုက အမျိုးသမီးတွေကို ဖမ်းဆီးထားတဲ့အတွက် ဒီအမျိုးသမီးတွေနဲ့ ပတ်သက်တာတွေကိုလည်း ဆက်လက် စုံစမ်းနေတဲ့ အခြေအနေမှာရှိပါတယ်” ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ဆက်ပြောသည်။

    အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးမှုတွင် အမျိုးသမီးနှစ်ဦးဖြစ်သည့် မရဟီမာဘီနှင့် ၎င်း၏ တူမ မတင်တင်မြင့် တို့ကို မူးယစ် (ပ) ၂၈/၂၀၁၉ ၊ မူးစိတ်ပြောင်း၊  ဥပဒေပုဒ်မ ၁၉(က)/၂၀ (က)/၂၁ တို့ဖြစ် အမှုဖွင့်အရေးယူထားကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်သွားသူကိုလည်း (ပ) ၂၄၉၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ပုဒ်မ ၃၀၇/၃၃၃ အရ အမှုဖွင့်ထားကြောင်း ကျိုက်မရောမြို့မရဲစခန်းမှ သိရသည်။

    Photo- မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရသူအမျိုးသမီး ၂ ဦး(Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks