spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဂျပန်ရေတွင်းရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်မှပစ္စည်းအများအပြားပျောက်ဆုံး

    ဂျပန်ရေတွင်းရွာသားများစစ်ဘေးရှောင်နေစဉ် နေအိမ်မှပစ္စည်းအများအပြားပျောက်ဆုံး

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၆)

    ဂျပန်ရေတွင်းတပ်စခန်းကို မွန်ပြည်သစ်လက်သို့ ယမန်နေ့တွင် တပ်မှပြန်လည်လွှဲအပ်ပြီးနောက် စစ်ဘေးရှောင်ရွာသားများ မိမိနေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိလာသောအခါ ပစ္စည်းအများအပြား ပျောက်ဆုံးနေသည်ကိုတွေ့ရှိရကြောင်း အိမ်ထောင်ရှင်အမျိုးသမီးများက ဆိုသည်။

    နှစ်ဖက်ညှိနှိုင်းမှုအရ မွန်ပြည်သစ်တပ်ဖွဲ့များ ယမန်နေ့ နံနက်ပိုင်းတွင် တပ်စခန်းသို့ပြန်လည်ဝင်ရောက်လာကြောင်း၊ သို့သော်လည်း မွန်တပ်စခန်းနှင့်ကိုက် ၃၀၀ ခန့်အကွာရှိ ဟင်္သာတိုင်ဂိတ်စခန်း၌ တပ်မှအင်အားလျော့ချ၍ ဆက်လက်အခြေပြုထားကြောင်း၊ ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့အားလုံး ဂျပန်ရေတွင်းဧရိယာမှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သောကြောင့် စစ်ဘေးရှောင်များ မိမိနေအိမ်အသီသီးသို့ ပြန်လာကြပြီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှ သတင်းရရှိသည်။

    ဂျပန်ရေတွင်းရွာမှာ ဈေးဆိုင်ရောင်းသည့်အမျိုးသမီးတစ်ဦးက “ဘယ်လိုဟာမျိုးတွေလဲရှင်၊ ဈေးဆိုင်ပစ္စည်းတွေဆို တစ်စက်လေးမှ သူတို့ချန်ပေးမထားဘူး၊ ဂက်စ်အိုးတွေ ဘာတွေ ဘာမှဘာမှမကျန်တော့ဘူး၊ သူတို့အကုန်လုံးယူသွားတာ ရှင်းရော၊ အိုးကောင်းကောင်းတွေ ပစ္စည်းကောင်းတွေအားလုံး ယူသွားတယ်၊  ထမီအသစ်တွေအကုန်လုံး ပါသွားတယ်၊ ဒီလိုမျိုး တစ်သက်မှာ တစ်ခါမှမကြုံခဲ့ပါဘူး၊ ဒီနေရာမှာ ဆက်နေဖို့ ဖြစ်ပါဦးမလား၊ စားစရာသောက်စရာတွေယူသွားတာကိုတော့ အပြစ်မဆိုလိုပါဘူး၊ ဒီလိုမျိုးလုပ်ရပ်တွေ လုပ်ရက်တာဟာ လူတွေမှဟုတ်ရဲ့လား” ဟု ဆိုပြီး ပစ္စည်းများဖရိုဖရဲဖြစ်နေပုံကို လက်ကိုင်ဖုန်းဖြင့်ရုပ်သံရိုက်ကူး၍ မွန်သတင်းအေဂျင်စီသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

    ဂျပန်ရေတွင်းရွာသည် နှစ်နိုင်ငံမှတ်တိုင်သတ်မှတ်နိုင်ခြင်းမရှိသေးသော ထိုင်းမြန်မာနယ်နိမိတ် စိတ်မှတ်မျဉ်းကြောင်းအနီးတွင် တည်ရှိသဖြင့် ထိုင်းနှင့်မြန်မာဖုန်းနှစ်မျိုးအသုံးပြုနိုင်ပြီး နေအိမ်သုံးရေပေးဝေမှုစနစ်နှင့် ၂၄ နာရီ ထိုင်းမှလျှပ်စစ်မီးအသုံးပြုနိုင်သည့် နေရာဖြစ်သည်။ 

    အလားတူ “အိမ်ပြန်ရောက်တော့ စိတ်ပျက်စရာကြီးပါ၊ တစ်အိမ်လုံးကိုမွှေနှောက်သွားခဲ့တာပဲ၊ ရုပ်မြင်သံကြား၊ စတီးချိုင့်တွေ ပစ္စည်းကောင်းကောင်းတွေကို အကုန်လုံးယူသွားတယ်၊ တစ်အိမ်လုံးရစရာမရှိလောက်အောင် မွှေနှောက်သွားတာ ထမီအသစ်စက်စက်တွေအကုန်လုံးပါသွားတယ်၊ လူမရှိတော့ အနီးအနားအိမ်တွေပါ အားလုံး ဖောက်သွားတာ” ဟု ဂျပန်ရေတွင်းရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

    နဝတစစ်အစိုးရလက်ထက် ပထမအကြိမ်အပစ်ရပ်စဲကတည်းက မွန်တပ်စခန်းနေရာကိုဗဟိုပြု၍  ၅ မိုင် အချင်းဝက်စက်ဝိုင်းပတ်လည်ဧရိယာကို မွန်ပြည်သစ်ပါတီအား တပ်တည်ခွင့်ပြုခဲ့သဖြင့် ၂၅ နှစ်ခန့်သက်တမ်းရှိ ဂျပန်ရေတွင်းရွာသည် တိုက်ပွဲဖြစ်စဉ်များမရှိခဲ့ဘဲ တည်ငြိမ်အေးချမ်းမှုရှိခဲ့သည်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့နံနက်ပိုင်းအထိ ဖြစ်သည်။

    ထိုင်းမြန်မာ နှစ်နိုင်ငံနယ်နိမိတ်စစ်ဆေးမည်ဟုဆိုကာ သဘောတူခွင့်ပြုချက်မရသေးခင် စစ်ယူနီဖောင်းနှင့်လက်နက်အပြည့်အစုံဖြင့် မွန်တပ်တည်ဧရိယာအတွင်း နိုဝင်ဘာ ၂၇ ရက်နေ့က တပ်မှအတင်းဝင်ရောက်လာသဖြင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ဂျပန်ရေတွင်းရွာနှင့် မွန်တပ်စခန်းနေရာကို တပ်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့များ ဝင်ရောက်ထိန်းချုပ်ခဲ့သောကြောင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များ၏စာရင်းအရ ထိုင်းနယ်မြေအတွင်းသို့ ရွာသားတစ်ထောင်နီးပါးခန့် စစ်ဘေးရှောင်အဖြစ် ဝင်ရောက်ခိုလှုံခဲ့ရသည်။

    အဆိုပါ စစ်ဘေးရှောင်နေစဉ် နေအိမ်မှပစ္စည်းများ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ နယ်စပ်အခြေစိုက် မွန်လူမှုအဖွဲ့အစည်းများက စာရင်းကောက်ယူလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    Photo- နေအိမ်မှဘီဒိုများဖောက်ထွင်းခံရပြီး ပစ္စည်းများဖရိုဖရဲဖြစ်နေပုံ(Mi Cho)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks