spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းလာစေရေး အသိပညာဆွေးနွေးဖလှယ်ပွဲ ရေဖြူမြို့နယ်တွင် ပြုလုပ်

    မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းလာစေရေး အသိပညာဆွေးနွေးဖလှယ်ပွဲ ရေဖြူမြို့နယ်တွင် ပြုလုပ်

    -

    ဝဏ္ဏမာန်(ဒီဇင်ဘာ ၄)

    မူးယစ်ဆေးဝါးသုံးစွဲနေမှုများ လျော့ကျလာစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ရွာလေးရွာစုပေါင်းကာ မူးယစ်ဆေးဝါးသုံးစွဲမှုဆိုင်ရာ အသိပညာဆွေးနွေးဖလှယ်ပွဲအား ကျောက်တလင်းကျေးရွာ ဓမ္မပိယကျောင်း၌ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာဆွေးနွေးဖလှယ်ပွဲသို့ အလယ်စခန်း၊ ကျောက်ကုဒင်ကျေးရွာ၊ ကျောက်တလင်းနှင့် ရေပူရွာတို့မှ ဒေသခံ ၆၀ ကျော်တက်ရောက်ခဲ့ပြီး လက်ရှိ ၎င်းတို့ပတ်ဝန်းကျင်းအတွင်း ပျံ့နှံ့လျှက်ရှိသည့် မူးယစ်ဆေးဝါးအကြောင်းအရာများအား မည်သို့မည်ပုံ လျော့ချသင့်သည်ကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

    "ကျွန်တော်တို့ ဒီရေဖြူမြို့နယ်မှာဆိုရင် မူးယစ်ဆေးသုံးစွဲတဲ့သူတွေ တဖြည်းဖြည်းနဲ့ များများလာနေပြီ၊ အဲဒါတွေကြောင့် ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေးဘဝဟာလည်း ယိုယွင်းပျက်စီးလာနေပြီ၊ ဒါကြောင့် ရပ်မိရပ်ဖတွေနဲ့ ပြည်သူလူထုကနေပြီးတော့ တစ်စုတစည်းတည်း ဝိုင်းဝန်းထိန်းကျောင်းပေးစေချင်ပါတယ်" ဟု ဆွေးနွေးပွဲတက်ရောက်သူ ရေပူကျေးရွာမှ မင်းရှိန်မဲက ပြောသည်။

    အဆိုပါ ရေဖြူမြို့နယ်အတွင်း နှစ်စဉ်နှင့်အမျှ မူးယစ်ဆေးဝါးသုံးစွဲသူ ဦးရေမှာ တစတစ များပြားလာလျှက်ရှိရာ ယခုအခါ ရေခဲ (Ice) ဟု ခေါ်သည့် မူးယစ်ဆေးတစ်မျိုးလည်း ထပ်မံပျံ့နှံ့လာလျှက်ရှိကြောင်း ၎င်းက ဆိုသည်။

    "ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးမှုးတွေ အနေနဲ့ကတော့ အရေးယူပြီး ထိန်းသိမ်းတဲ့အပိုင်းကို တတ်နိုင်သလောက်တော့ လုပ်နေကြတာပဲ၊ ဒါပေမယ့် အဲဒီလို ဖမ်းဆီးပြီး မကြာဘူး သူတို့ ပြန်လွတ်လာကြပြန်တယ်ဆိုတော့ အဲဒီလို သူတို့ လွတ်လာတဲ့အခါမှာ ကျွန်တော်တို့အတွက်ကလည်း အန္တရာယ်မကင်းဘူးလေ ဒါကြောင့် အုပ်ချုပ်ရေးမှုးတွေရယ် ရပ်မိရပ်ဖတွေရယ် ကျေးရွာသူကျေးရွာသားတွေရယ် စုပေါင်းပြီးတော့ အရေးယူဖို့ အဖွဲ့အစည်းတစ်ခု ဖွဲ့လိုက်ရင် ကျွန်တော့်တို့အတွက်လည်း ပိုပြီးလုံခြုံမှု ရှိလိမ့်မယ်လို့ မြင်တယ်” ဟု ကျောက်တလင်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ချမ်းထိုက်က ပြောသည်။

    ရေဖြူမြို့နယ်အတွင်း မူးယစ်ဆေးဝါး ပျံ့နှံ့လာမှုမှာ လွန်ခဲ့သော (၃) နှစ်ခန့်က စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါ ရောင်းချသုံးစွဲသူတို့အားသက်ဆိုင်ရာ ရဲဌာနတို့မှ အရေးယူမှုများရှိခဲ့သည်ဟု သိရသည်။

    “ကျွန်တော့်အမြင်ကတော့ ဒီ မူးယစ်ဆေးဝါး ရောင်းချတာနဲ့ သုံးစွဲနေတာတွေကို လျော့ချဖို့ဆိုရာမှာ အစိုးရက လုံးဝတာဝန်ရှိတယ်ဆိုတာ မှန်တယ်၊ ဒါပေမယ့် အစိုးရကိုချည်းပဲလည်း အားကိုယ်းနေလို့မရဘူး၊ ဥပမာ အခုဆို ကျေးရွာအုပ်ချုပ်ရေးမှုးတွေ ရပ်မိရပ်ဖတွေ စုပေါင်းပြီးတော့ ဖမ်းဆီးထိန်းသိမ်းတဲ့နေရာမှာ တာဝန်ရှိရဲတွေကလည်း သူတို့လုံခြုံရေးအတွက် ဝိုင်းပြီး တာဝန်ယူပေးတာတွေ လုပ်ပေးသင့်တာပေါ့" ဟု ကျောက်တလင်းကျေးရွာမှ လူငယ်တစ်ဦးက ပြောသည်။

    အဆိုပါ အသိပညာဆွေးနွေးဖလှယ်ပွဲတွင် မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာခြင်းကြောင့် ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ စသည်များမည်သို့မည်ပုံ ယိုယွင်းပျက်စီးလာရသည်ကို တက်ရောက်လာသူတို့က အကျယ်တဝင့် ဆွေးနွေးဖလှယ်ခဲ့ခြင်း ဖြစ်သည်။

    ယင်းသို့ ဆွေးနွေးပွဲမှ ရရှိလာသည့် အချက်အလက်များကို စုစည်း၍ သက်ဆိုင်ရာ အစိုးရဌာနသို့လည်းကောင်း၊ လွှတ်တော်သို့လည်းကောင်း တင်သွင်းသွားရန်နှင့် သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများထံသို့ လည်း ပေးပို့သွားရန် ရှိသည်ဟု သိရသည်။

    မွန်ဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုပမာဏသည် ၂၀၁၃ ခုနှစ်တွင် မွန်ဒေသလူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ကွင်းဆင်း၍ သုတေသနစစ်တမ်းကောက်ယူရာ (၃၈) ရာခိုင်နှုန်းခန့် ရှိသည်ဟု အစီရင်ခံစာထုတ်ပြန်ဖော်ပြခဲ့ပြီး ၂၀၁၇ ခုနှစ်အရောက်တွင် တိုးတက်သောမွန်လူငယ်များအစည်းအရုံး(MYPO) မှ ထပ်မံ၍ ကွင်းဆင်း သုတေသန စစ်တမ်းကောက်ယူရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူပမာဏမှာ လူငယ်များအတွင်း (၇၃) ရာခိုင်နှုန်းသို့တိုင်အောင် တိုးပွားလာကြောင်း ၎င်းတို့အစီရင်ခံစာတွင် ဖော်ပြထားသည်။

    Photo- မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းလာစေရေး အသိပညာဆွေးနွေးဖလှယ်ပွဲ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks