spot_img
Thursday, February 12, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဂျပန်ရေတွင်းမွန်တပ်စခန်းမှထွက်ခွာ၍ ကိုက် ၃၀၀ ခန့်အကွာ ဟင်္သာတိုင်ဂိတ်စခန်းတွင် တပ်မတော်စစ်ကြောင်းဆက်လက်အခြေပြု

    ဂျပန်ရေတွင်းမွန်တပ်စခန်းမှထွက်ခွာ၍ ကိုက် ၃၀၀ ခန့်အကွာ ဟင်္သာတိုင်ဂိတ်စခန်းတွင် တပ်မတော်စစ်ကြောင်းဆက်လက်အခြေပြု

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၄)

    လတ်တလောတွင် ဘုရားသုံးဆူဒေသရှိ ဂျပန်ရေတွင်းမွန်ပြည်သစ်တပ်တည်ဧရိယာကို တပ်မတော်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့အင်အား ၁၀၀ ကျော် တစ်ပတ်ကြာခန့်ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် ယမန်နေ့ညပိုင်းအချိန်တွင် မွန်ပြည်သစ်တပ်စခန်းမှ တပ်မတော်စစ်ကြောင်းထွက်ခွာပြီး ကိုက် ၃၀၀ ခန့်အကွာရှိ ဟင်္သာတိုင်ဂိတ်စခန်းတွင် ဆက်လက်အခြေပြုလျက်ရှိကြောင်း သတင်းရရှိသည်။

    တပ်မတော်နှင့် BGF တပ်ဖွဲ့တို့သည် ဂျပန်ရေတွင်းမွန်ပြည်သစ်တပ်တည်ဧရိယာမှ လုံးဝထွက်ခွာသွားခြင်းမဟုတ်ဘဲ ၎င်းတို့ဝင်ရောက်ထိန်းချုပ်နေရာဝင်ယူခဲ့သော မွန်တပ်စခန်းမှထွက်ခွာခြင်းသာဖြစ်ပြီး အဓိကကျသည့် ဘုရားသုံးဆူ-ဂျပန်ရေတွင်း-ကြံတောရွာ လမ်း ၃ ခွဆုံချက် ဟင်္သာတိုင်ဂိတ်စခန်းနေရာတစ်ဝိုက်နှင့် ကျောက်ထုတ်လုပ်စခန်း(မောင်ဖြူ) ၌ ဆက်လက်အခြေပြုထားကြောင်း မွန်ပြည်သစ်တာဝန်ရှိသူများမှ သိရသည်။

    မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကျော်ယဲ့က “မနေ့က ဘုရားသုံးဆူဆက်ဆံရေးရုံးမှာ စကားပြောကြတယ်၊ ဗျူဟာမှူးပြောတာက BGF ကို အရင်ဆုတ်ခိုင်းမယ်၊ ဒါမှ ခိုးတာမရှိရအောင်တဲ့၊ ပြီးမှသူတို့ဆုတ်မယ်လို့ ပြန်ပြောလာတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယင်းသို့ တပ်မတော်မှ မိမိတပ်စခန်းနှင့်နီးကပ်စွာ ဆက်လက်အခြေပြုထားသောကြောင့် မွန်ပြည်သစ်တပ်ဖွဲ့များသည်လည်း မိမိတပ်စခန်းအတွင်း ပြန်လည်နေရာယူမည်မဟုတ်သလို လုံခြုံရေးအခြေအနေ စိတ်ချရသည့်အနေအထားမရောက်ရှိသေးသဖြင့် စစ်ပြေးရှောင် ရွာသားများသည်လည်း မိမိနေအိမ်သို့ မပြန်ရဲသေးကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။  

    ဂျပန်ရေတွင်းရွာသူ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ အိုး ပြောစရာ မရှိလောက်အောင်ကို ကြေမွပျက်စီးနေပြီး၊ ရွာခဏပြန်သွားတဲ့သူတွေပြောပြတယ်၊ တပ်က အခုရွာမှာ လာထိုင်နေတယ်၊ နေ့ခင်းဘက်ဆိုရင် သူတို့ကိုယ်ရောင်မပြဘူး၊  ညညဘက်ရွာထဲမှာ ပြည့်နေရောဘဲ၊ အိမ်တွေမှာဆိုရင်လည်း ပြောစရာမရှိတော့ဘူး လိုက်မွှေနှောက်ထားတာ၊ သူတို့ရွာစစရောက်တဲ့ နေ့ကဆိုရင် အိမ်မှာမွေးထားတဲ့ ဝက်အို ၂ ကောင်ကို သူတို့ချက်စားလိုက်ကုန်ရော၊ ဆန်ဆီ အကုန်လုံး ပစ်စလက်ခတ်လုပ်ထားတယ်၊ တချို့အိမ်ဆိုရင် ဖောက်ထွင်းထားတာ၊ ဝပ်ရှော့ ဆိုင်က ဆိုင်ကယ်ကို ယူသွားတာတယ်၊ အိမ်မှာ ငွေစုဘူးတွေ တွေ့ရာ ကောက်သွားတာ အဲလိုမျိုးတွေရှိတယ်”ဟု ဆိုသည်။

    တပ်ဖွဲ့ဝင်မိသားစုများ၊ ဆွေမျိုးနှင့်မှီခိုသူများ လွန်ခဲ့သည့် ၂၅ နှစ်နီးပါးခန့်က တည်ဆောက်ခဲ့သည့် မွန်ပြည်သစ်တပ်တည်စခန်းဧရိယာတွင် ဂျပန်ရေတွင်း အိမ်ခြေ ၃၀၀ ခန့်၊ ကြံတောရွာနှင့် တပ်ရင်း(၃) ရွာ အိမ်ခြေ ၁၀၀ စီခန့်ရှိပြီး အထူးသဖြင့် သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ခလေးများ ၅၀၀ ထက်မနည်း နေအိမ်များစွန့်ခွာလိုက်ရပြီး ဘေးလွတ်ရာထိုင်းနယ်မြေတွင် ဝင်ရောက်ခိုလှုံနေရဆဲ ဖြစ်သလို ယောက်ျားအများစုမှာလည်း မိမိတို့နေအိမ်များကို အခြေအနေပေးသလို မလှမ်းမကမ်းမှ ကြည့်ရှုနေရကြောင်း သိရသည်။

    ဝါရင့်မွန်ရှေ့နေတစ်ဦးက “နစ်နာသူက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပါ၊ လုယက်မှု၊ ဓါးပြမှုနဲ့အမှုပြန်ဖွင့်သင့်တယ်၊ BGF က ဘယ်သူ့ ကွပ်ကဲမှုအောက်မှာ ရှိမလဲ၊ ဘယ်လိုရှောင်မလဲ၊ မဆိုင်ဘူးလို့ ပြောလို့ရမလား” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီမှ သဘောတူညီမှုမရရှိသေးဘဲ တပ်မတော်မှ ဗျူဟာမှူးအပါအဝင် နယ်မြေခံတပ်ရင်းမှူး၊ မွန်ပြည်သစ်ပါတီဆက်ဆံရေးအရာရှိတစ်ဦးတို့နှင့်အတူ တပ်မတော်နှင့် BGF တပ်ဖွဲ့ဝင်များ ဂျပန်ရေတွင်းတပ်တည်စခန်းသို့ မော်တော်ကားများဖြင့် ဝင်ရောက်လာရာ မွန်ပြည်သစ်ပါတီမှ စတင်ပစ်ခတ်သဖြင့် စကားပြန်တစ်ဦး(ဒဏ်ရာပြင်းထန်) တပ်မတော်အရာရှိနှစ်ဦး(ဒဏ်ရာမပြင်းထန်)၊ တပ်မတော်သားတစ်ဦး ကျဆုံးခဲ့ကြောင်း၊ ထိုနောက် မည်သူ့လက်ချက်မှန်းမသိဘဲဒီဇင်ဘာ ၁ ရက်နေ့နံနက်စောစောပိုင်းတွင် ကြံတောရွာအနီး၌ အမှိုက်ဝယ်ရောင်းသူတစ်ဦး သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာ ၁ ရက်ညသန်းခေါင်း ၂ ရက်နေ့အကူးတွင် နာရီဝက်ခန့်အကြာ သေနတ်သံအဆက်မပြတ်ပစ်ခံသံများ ဖြစ်ပေါ်ခဲ့ပြီး BGF တပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် NCA အခန်း(၃) အပိုဒ် (၈) အပိုဒ်ခွဲ(ခ) ပါပြဌာန်းချက်အရ “တစ်ဖက်နှင့်တစ်ဖက်နယ်မြေအတွင်း လက်နက်နှင့်သွားလာပါက ညှိနှိုင်း၍ သဘောတူညီချက်ဖြင့် သွားလာပါရန်”ဖော်ပြထားပြီး ခွင့်ပြုချက်မရခင်အချိန်တိုလေးအတွင်း တပ်မတော်မှအင်အားသုံးဝင်ရောက်လာခြင်းသည် NCA စာချုပ်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီအား တပ်တည်ဧရိယာ ၁၈ နေရာထက်မနည်း အစိုးရနှင့်တပ်မတော်က သဘောတူခွင့်ပြုထားခဲ့ကြာင်း မွန်ပြည်သစ်ပါတီက ဆိုသည်။


    Photo-ဟင်္သာတိုင်ဂိတ်နှင့် ကိုက် ၃၀၀ ခန့်ဝေးသည့် မွန်ပြည်သစ်ရုံးနေရာပြမြေပုံ(Google)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks