ဝဏ္ဏမာန်(ဒီဇင်ဘာ ၃)
မွန်ပြည်သစ်ပါတီ ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် "မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးဌာန" ၏ လုပ်ငန်းစဉ်းများအား နိုဝင်ဘာလကုန်ပိုင်းက ရေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရှင်းလင်းပွဲများ ကျင်းပခဲ့သည်။
ရေးမြို့နယ်အတွင်းရှိ ပုပ္ဖဝတီ၊ အံဒင်၊ ကလော့၊ ဟံဂံကျေးရွာနှင့် ခေါဇာမြို့ တို့တွင် ရှင်းလင်းပွဲများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ရှင်းလင်းပွဲများတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာနှင့် ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းတို့ ဦးဆောင်ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။
မူးယစ် ပြန်လည်ထူထောင်ရေးဌာန၏ ဒုဥက္ကဌ နိုင်ဇာတာမာန်က “ဒီမူးယစ်ဆေးစွဲသူတွေ ပြန်လည်ထူထောင်ဖို့ ကူညီဆောင်ရွက်တဲ့နေရာမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အဓိကထား ရှင်းလင်းရတာပေါ့၊ ဒီဌာနကို ဘာကြောင့် ဖွင့်ရတယ်ဆိုတာရယ်၊ ဆေးစွဲ ဆေးဖြတ်သူတွေ နေထိုင်ဖို့ အဆောက်အဦတွေ ဆောက်လုပ်ဖို့ရယ်၊ လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲတွေရယ်၊ ပြည်သူလူထုကနေပြီးတော့ သူတို့တတ်နိုင်တဲ့ကဏ္ဍကနေပြီးတော့ပေါ့ ပူးပေါင်းပါဝင်လုပ်ဆောင်လာဖို့ရယ်ကို အဓိကထား ရှင်းပြတာပါ" ဟု ပြောသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေဖြစ်သော ဝယ်ဇင်စခန်းအနီးတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်း အကောင်ထည်ဖော်ဆောင်နေမှုနှင့် ဌာန၏လုပ်ငန်းစီမံကိန်းများကို ပြီးခဲ့သည့် မိုးရာသီတွင် စတင်ပြုလုပ်လာခဲ့ပြီး ရေလွမ်းမိုးမှုနှင့် ရေဘေးဒုက္ခကြောင့် ယခုအခါ တဖန်ကွင်းဆင်း၍ ရှင်းပြပေးခြင်းဖြစ်သည်။
"ဒီ ၂၀၁၉ ခုနှစ် မကုန်ခင်မှာ ပြီးသလောက်နဲ့ ဖွင့်လှစ်သွားမယ်၊ အချုပ်ခန်းနဲ့ မီးဖိုအခန်းကိုတော့ ၂၀၁၉ မကုန်ခင် မှီသလောက်လုပ်သွားဖို့ရှိတယ်၊ အဲဒါကြောင့် အခုလို ပြည်သူလူထုဆီကို တိုက်ရိုက်ကွင်းဆင်းပြီး ရှင်းလင်းတင်ပြတာပါ” ဟု နိုင်ဇာတာမာန်က ဆက်ပြောသည်။
အဆိုပါ လုပ်ငန်းစဉ်များကို မော်လမြိုင်မြို့အခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြီးခဲ့သည့်လက တွေ့ဆုံကာ နှီးနှောဖလှယ်ခြင်းများနှင့် အကြံဉာဏ်များ ရယူခဲ့ကြောင်း ၎င်းက ဆိုသည်။
"ဒီဌာန (မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးဌာန) ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ ကျွန်တော်တို့ အပြည့်အဝထောက်ခံတယ်၊ ဘိန်းစာရွက်တွေ ဘယ်နှရွက်ကနေ ဘယ်လောက်အထိ ဖမ်းမိရင် ဘယ်လိုပြစ်မှုမြောက်တယ်ဆိုတာရယ်၊ ပြီးတော့ စိတ်ကြွဆေးတွေ ဘယ်လောက် အရေအတွက်နဲ့ ဘယ်လိုဖမ်းမိရင် ဘယ်လို အရေးယူ အပြစ်ပေးခံရတာတွေရယ် စတဲ့ ဆိုးကျိုး၊ အပြစ်တွေကို အသေးစိတ်ရှင်းပြပေးသွားတယ်၊ ပြီးတော့ ဒီအလုပ်က အကောင်းဘက်ကို ဦးတည်တဲ့အလုပ်ဆိုတော့ ကန့်ကွက်စရာ လုံးဝမရှိပါဘူး" ဟု အံဒင်ရွာမှ နိုင်ကောင်လေးက ပြောသည်။
အဆိုပါ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးဌာနကို ၂၀၁၈ ခုနှစ်တွင် ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေးတမော့ဗဒတ်ဘုရား ကိုယ်ရင်လေးကျောင်းတွင် ကျင်းပသော မူးယစ်ဆေးဝါးဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများအတွင်းမှ သံဃာ ၁၅ ပါး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁၅ ဦး နှင့် မွန်ပြည်သစ်ပါတီဘက်မှ ကိုယ်စားလှယ် ၁၅ ဦး စုစုပေါင်း ၄၅ ဦးသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်အကောင်အထည်ဖော်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
![](https://i1.wp.com/burmese.monnews.org/wp-content/uploads/2019/12/drug-isse.jpg?resize=696%2C522&ssl=1)