spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၏ အနာဂါတ်မျှော်မှန်းချက် မဟာဗျူဟာစီမံကိန်း ၂၀၃၅ အား ရင်းနှီးမြှုုပ်နှံမှုပြပွဲတွင်ချပြ

    မွန်ပြည်နယ်၏ အနာဂါတ်မျှော်မှန်းချက် မဟာဗျူဟာစီမံကိန်း ၂၀၃၅ အား ရင်းနှီးမြှုုပ်နှံမှုပြပွဲတွင်ချပြ

    -

    မွန်သတင်းအေဂျင်စီ(ဒီဇင်ဘာ ၁)

    မွန်ပြည်နယ်၏ အနာဂါတ်တိုးတက်ရေးအတွက် မြို့ပြအင်္ဂါရပ်နှင့်အညီခေတ်မှီပုံစံများဖြင့် ဇုန်များချမှတ်ရေးကို နည်းစနစ်ကျမဟာဗျူဟာဖြစ်သည့် “မွန်ပြည်နယ်၏ အနာဂါတ်မျှော်မှန်းချက် မဟာဗျူဟာစီမံကိန်း (၂၀၃၅) အား နိုဝင်ဘာ ၂၉-၃၀ ရက်နေ့က မော်လမြိုင်မြိုတွင်ကျင်းပသော ရင်းနှီးမြှုုပ်နှံမှုပြပွဲ၌ ချပြခဲ့သည်။

    အဆိုပါ မျှော်မှန်းချက်စီမံကိန်းကြီးတွင် မွန်ပြည်နယ်တစ်ခုလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်နယ်၏ မူဝါဒများ ၊ ဒေသခံ အဖွဲ့အစည်းများ၏အစီအစဉ်များနှင့် လိုက်ရောညီထွေစွာ Surbana Jurong Group က ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ်သည်။

    Surbana Jurong Group မြန်မာပြည်ရုံး အထွေထွေမန်နေဂျာ Mr. LEE Leong Seng က “Surbana Jurong ကို ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့ပြီးတော့ ၂၀၁၇ ခုနှစ်ကနေ စပြီး မွန်ပြည်နယ်ကို လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေအတွက် မဟာစီမံကိန်းတွေ အများကြီး ရေးဆွဲပေးခဲ့ပါတယ်။ မွန်ပြည်နယ်အစိုးရရဲ့ အကူအညီနဲ့ ပြည်နယ်အတွက် မျှော်မှန်းချက်မဟာဗျူဟာစီမံကိန်းအတွက် အဓိကတိုးတက်ဖွံ့ဖြိုးရေးဇုန်တွေနဲ့ ကဏ္ဍတွေ ခွဲခြား သတ်မှတ်ဖို့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီး စီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။  ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ဒီမျှော်မှန်းချက်စီမံကိန်းကနေ အကျိုးကျေးဇူးရရှိစေပြီး ဒီကနေ့ ပွဲကနေတစ်ဆင့် ပိုမိုခိုင်မာတဲ့ ရင်းနှီးဆက်ဆံရေး၊ မိတ်ဖက်ပူးပေါင်းရေး နဲ့ ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

    မွန်ပြည်နယ်၏ အနာဂါတ်မျှော်မှန်းချက် မဟာဗျူဟာစီမံကိန်း (၂၀၃၅) သည် မွန်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးမှုခရီးလမ်းအား ကူညီထောက်ပံ့နိုင်မည့် မြို့ပြတည်ဆောက်ခြင်းနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရာတွင် အရေးပါသည့် အားကောင်းသောနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ကုမ္ပဏီ၏ နိုင်ငံတကာအတွေ့အကြုံများကို ပေါင်းစပ်ကာရေးဆွဲထားသည်ဟု ဆိုသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ကျွန်တော်တို့အနေနဲ့ မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေလုပ်ကိုင်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပက လုပ်ငန်းအဖွဲ့အစည်းတွေကို ဖိတ်ခေါ်နေပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ အကောင်းဆုံး ထောက်ပံသွားနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ မွန်ပြည်နယ်ရဲ့ တည်နေရာကဆိုရင် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်မှုတွေကို တိုးမြှင့်လုပ်ကိုင်နိုင်ဖို့အတွက် အားကောင်းတဲ့ အလားအလာတွေ ရှိပါတယ်။ တစ်ချိန်ထဲမှာပဲ ကျွန်တော်တို့အနေနဲ့ မွန်ပြည်နယ်အတွင်းမှာ သာယာလှပတဲ့ နေရာဒေသတွေ အများကြီးရှိတဲ့အတွက် ခရီးသွားလုပ်ငန်းတိုးတက်မှုကို ထောက်ပံ့နိုင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေပါတယ်” ဟု ဆိုသည်။

    မွန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် တိုးတက်မှု အမြန်ဆုံးပြည်နယ်ဖြစ်သည့်အလျောက် စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ထောက်ပို့လုပ်ငန်း၊ စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်း နှင့် အခြေခံအဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်း စသည့် အဓိကကဏ္ဍခြောက်ခုတွင် အဓိကထား ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် အဆိုပါရင်းနှီးမြှုပ်နှံမှုပြပွဲကြီး၌ တိုက်တွန်းဆွေးနွေးခဲ့ကြသည်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလင်းက “အစိုးရအနေနဲ့ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို စီမံကိန်းရဲ့ ဖြစ်နိုင်စွမ်းနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုတွေ လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ ပြည်တွင်းမှာ ချမှတ်ထားတဲ့ ဥပဒေတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် လမ်းညွှန်ထားပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် လေ့လာမှုတွေဆောင်ရွက်တာ တစ်ခုထဲနဲ့ မလုံလောက်ပါဘူး။ ကုမ္ပဏီတွေအနေနဲ့ တာဝန်ခံမှုတွေ တာဝန်ယူမှုတွေရှိဖို့လိုပြီးတော့ သူတို့လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှုတွေက သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံအသိုင်းအဝိုင်းတွေကို မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ မရှိဘူးဆိုတာကို ပုံမှန်အစီရင်ခံစာတွေ တင်ပြဖို့လိုပါတယ်” ဟု ဆိုသည်။

    နှစ်ပေါင်း (၅၀) ကျော်ရှိပြီဖြစ်သော Surbana Jurong သည် အာရှအခြစိုက် အကြီးဆုံးစီးပွားရေးအကြံပေးကုမ္ပဏီဖြစ်သည့်အပြင် ကမ္ဘာတစ်ဝှမ်း စက်မှုစီမံကိန်းနေရာ (၁၀၀) ကျော်ကို တည်ဆောက်ဖော်ဆောင်ခဲ့ပြီး နိုင်ငံပေါင်း (၃၀) ကျော်အတွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲခဲ့ပြီး ဖြစ်သည်။

    မွန်ပြည်နယ်၏ ပထမဦးဆုံး အကြိမ်မြောက် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၁၉ ကို မော်လမြိုင် Strand Hotel တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင် များ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။






    Photo- မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ ၂၀၁၉ တွင်မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ Penal Discussion အစီအစဉ် (Mon State Government Office)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks