Friday, March 20, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးကို ဦးစားပေးဖို့လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာပြော

    ငြိမ်းချမ်းရေးကို ဦးစားပေးဖို့လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာပြော

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၂၉)

    မွန်ပြည်သစ်ပါတီ တပ်တည်စခန်းဂျပန်ရေတွင်းကျေးရွာကို တပ်မတော်မှအင်အားသုံးဝင်ရောက်နေရာယူမှုအပေါ် ငြိမ်းချမ်းရေးကို ဦးစားပေးဖို့လိုအပ်သည်ဟု မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောသည်။

    “အောက်ခြေမှာ အဆင်ပြေအောင်ညှိနှိုင်းမှုမရှိခဲ့လို့ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ ကျနော်တို့လည်း စိတ်မကောင်းဘူး၊ ဒီကိစ္စ ပြေလည်ကြေအေးသွားဖို့အတွက် ကျနော်တို့ နည်းလမ်းရှာသွားဖို့လိုတယ်၊ အခုကိစ္စ ပိုမိုကျယ်ပြန့်ကြီးထွားသွားရင် နောက်ပိုင်းမှာ ဖြေရှင်းရခက်သွားလိမ့်မယ်၊ ကျနော်တို့ရဲ့ ဒီကနေ့ငြိမ်းချမ်းရေးခရီးစဉ်မှာ ငြိမ်းချမ်းရေးကိုပဲ ဦးစားပေးဖို့လိုအပ်တယ်လို့ မြင်တယ်” ဟု နိုင်ဟံသာက ပြောသည်။

    ထိုင်းမြန်မာနယ်စပ် နယ်နိမိတ်ကိစ္စကိုအကြောင်းပြု၍ မွန်ပြည်သစ်ပါတီတပ်တည်စခန်း ဂျပန်ရေတွင်းရွာသို့ နိုဝင်ဘာ ၂၇ ရက်နေ့က တပ်မတော်နှင့် ကရင်နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင်များ အစီအစဉ်တကျ အင်အားအလုံးအရင်းဝင်ရောက်လာပြီး ပစ်ခတ်တိုက်ခိုက်များဖြစ်ပေါ်လာသည့်အပေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ချိုးဖောက်သည်ဟု မွန်ပြည်သစ်ပါတီ ပြောဆိုထားသည်။

     “အသေးအဖွဲပြဿနာတွေကို ကြီးကြီးမားမားဖြစ်မသွားဖို့ သတိထားစေလိုတယ်၊ အခုကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ သက်ဆိုင်တဲ့တာဝန်ရှိသူတွေ ကြိုးစားပေးဖို့တိုက်တွန်းလိုပါတယ်၊ အခုကိစ္စပိုမိုကြီးထွားလာမယ်ဆိုရင် နောက်ပိုင်းပြဿနာတွေကို လွယ်လွယ်နဲ့ရှင်းနိုင်လိမ့်မှာ မဟုတ်ပါဘူး၊ ပြဿနာငြိမ်းအေးသွားအောင် နည်းလမ်းရှာပြီးဖြေရှင်းသွားဖို့လိုအပ်တယ်” ဟု ဟု နိုင်ဟံသာက ဆိုသည်။

    လတ်တလောဖြစ်ပေါ်နေသည့် ဂျပန်ရေတွင်းစခန်းအား တပ်မတော်မှဝင်ရောက်နေရာဝင်မှုအပေါ် မွန်ပြည်သစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးကျင်းပလျက်ရှိပြီး အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များအား မကြာမီရက်ပိုင်းအတွင်း တွေ့ဆုံသွားမည်ဟု မွန်ပြည်သစ်ပါတီမှ သိရသည်။

    “ကျမအိမ် အဖောက်ခံလိုက်ရတယ်၊ တံခါးတွေသော့တွေအဖျက်ခံရတယ်၊ TV ၊ စတီးချိုင့်တွေ၊ အဝတ်အစားကောင်းကောင်းတွေ အားလုံးပါသွားပြီ၊ အိမ်အသုံးအဆောင်ပစ္စည်းတော်တော်များ ပါသွားပြီ” ဟု ဂျပန်ရေတွင်းရွာမှ မိချိုက Facebook Live ဖြင့် ရိုက်ကူးတင်ပြခဲ့သည်။

    လက်ရှိတွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိဂျပန်ရေတွင်းရွာနှင့် အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိ ကြံတောရွာသားများအားလုံးလိုလို ထိုင်းနိုင်ငံနယ်နိမိတ်ရှိ မွန်ဘုန်းတော်ကြီးကျောင်းများ၌ ဝင်ရောက်ခိုလှုံနေရဆဲဖြစ်သည်။

    ရွာသူရွာသားများအနေဖြင့် မိမိနေအိမ်အသီးသီးသို့ ပြန်လာရန် အစိုးရနှင့်နီးစပ်သူများ ဆော်သြမှုများရှိသော်လည်း တိုက်ပွဲများဖြစ်ပေါ်လာမည်ကိုစိုးရိမ်သောကြောင့် ရွာသားများနေအိမ်သို့ ပြန်မလာရဲဖြစ်နေကြောင်း အမည်မဖော်လိုသော ဂျပန်ရေတွင်းရွာသားတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ ဘုရားသုံးဆူမြို့ပေါ်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရပြီး စာသင်ကျောင်းများလည်း ပိတ်ထားရကြောင်း၊ ဘုရားသုံးဆူနယ်စပ် ထိုင်း-မြန်မာအဝင်အထွက်ဂိတ်ပေါက်များကိုလည်း ထိုင်းအာဏာပိုင်များ ပိတ်ထားဆဲဖြစ်ကြောင်း တွေ့ရှိရသည်။

    နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ ခုနှစ် အပစ်ရပ်သဘောတူညီချက်အရလည်းကောင်း၊ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီတို့ ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် ၂၀၁၂ ခုနှစ် သဘောတူညီချက်အရလည်းကောင်း၊ ၂၀၁၈ ခုနှစ်က မွန်ပြည်သစ်ပါတီ NCA လက်မှတ်ရေးထိုးစဉ် ယခင်သဘောတူညီချက်များအား ပြန်လည်အတည်ပြုချက်အရလည်းကောင်း ဂျပန်ရေတွင်းရွာသည် မွန်ပြည်သစ်ပါတီ၏ အမြဲတမ်းတပ်တည်ခွင့်ပြုထားသည့်နေရာဖြစ်သည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် NCA လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ဇီးနှစ်ပင်တပ်တည်စခန်းနှင့် ဘုရားတောင်တပ်တည်စခန်းတို့ကို တပ်မတော်က ဆက်လက်သိမ်းဆည်းထားဆဲဖြစ်သည်။

    Photo- ထိုင်းနယ်မြေရောက် စစ်ပြေးမွန်ဒုက္ခသည်များ( Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks