spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းစနောင်းတိုင်းမွန်သတင်းဂျာနယ် အနှစ်(၂၀) ပြည့်အခမ်းအနား ရေးမြို့တွင်ကျင်းပမည်

    စနောင်းတိုင်းမွန်သတင်းဂျာနယ် အနှစ်(၂၀) ပြည့်အခမ်းအနား ရေးမြို့တွင်ကျင်းပမည်

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၂၂)

    မွန်သတင်းအေဂျင်စီ MNA ၏ ပုံနှိပ်မီဒီယာဖြစ်သော စနောင်းတိုင်းမွန်သတင်းဂျာနယ် အနှစ်(၂၀) ပြည့်အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက်နေ့တွင် ရေးမြို့ ပြည်သူ့အားကစားရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

    ရေးမြို့နယ်မှ သံဃာအပါး ၂၀ ကျော်အား မွန်ဓမ္မာရုံ၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး အခမ်းအနားပထမပိုင်းအစီအစဉ်ကို မွန်းလွဲ(၁) နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်ရာ အထင်ကရမွန်ဆရာတော်တစ်ပါးမှသြဝါဒခံယူခြင်း၊ မွန်ယဉ်ကျေးမှုအဆိုအက တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေမည့်အပြင် မီဒီယာစကားဝိုင်းအစီအစဉ်နှင့် ဝါရင့်သတင်းထောက်များအား ဂုဏ်ပြုသည့်အစီအစဉ်များ ပါဝင်သည်။

    အဆိုပါ မီဒီယာစကားဝိုင်းအစီအစဉ်တွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး၊ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ၊ တိုးတက်သောမွန်လူငယ်များအစည်းအရုံး MYPO ဥက္ကဌ မိမရော့စွမ်းနှင့် မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ကသုမွန်တို့က မွန်မီဒီယာများရေရှည်ရပ်တည်နိုင်ရေး အတွက် မွန်ဘာသာဖြင့် ဆွေးနွေးအဖြေရှာကြမည်။

    ဒုတိယပိုင်းအစီအစဉ်ကို ညစာအကျွေးအမွေးဖြင့် ညနေ (၆) နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ ခေတ်ပေါ်မွန်တေးဂီတတီးဝိုင်းများမှ နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များပါဝင်ကြောင်း ကျင်းပရေးကော်မတီက ကြေညာထားသည်။

    မွန်ဘာသာဖြင့် “သှံင်တိုင်” Guiding Star ဓူဝံကြယ်အဓိပ္ပါယ်ရှိ သတင်းဂျာနယ်ကို ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်တစ်နေရာ၌ လစဉ်ထုတ်လုပ်ဖြန့်ချိခဲ့ပြီး မွန်မီဒီယာလောကတွင် ထင်ရှားသည့် သတင်းစာတစ်စောင်အဖြစ်ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

    စနောင်းတိုင်းသတင်းဂျာနယ်ကို ၂၀၁၃ ခုနှစ်တွင် တရားဝင်မှတ်ပုံတင်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန၏ မှတ်ပုံတင်အမှတ်-၀၀၆၃၁ ဖြင့် ခွင့်ပြုချက်ရရှိခဲ့ပြီး မော်လမြိုင်မြို့၊ သရက်ကုန်း(သီရိမြိုင်ရပ်ကွက်) အမှတ်(၁) ရာမညလမ်းရှိ မွန်သတင်းအေဂျင်စီရုံး၌ အခြေစိုက်သည်။ 

    မွန်သတင်းအေဂျင်စီအနေဖြင့် မွန်မြန်မာ TV ရုပ်သံသတင်းများ၊ မွန်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် Online သတင်း၊ ဆောင်းပါးနှင့် အမြင်သုံးသပ်ချက်များ၊ မွန်၊ မြန်မာ ရေဒီယိုအစီအစဉ်များနှင့် စနောင်းတိုင်း သတင်းဂျာနယ်တို့ကို ပုံမှန်ထုတ်လုပ်လျက်ရှိပြီး ငြိမ်းချမ်းရေးစောင့်ကြည့်ခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း စသည့်စီမံကိန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

    Photo- စနောင်းတိုင်း အနှစ်(၂၀) ပြည့် ကြေညာပိုစတာ(Copy)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks