spot_img
Friday, February 13, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျုံဒိုးတန်ဆောင်တိုင် ရဲလှည့်ကင်းမော်တော်ယာဉ် လက်ပစ်ဗုံးပစ်ခံထိ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ

    ကျုံဒိုးတန်ဆောင်တိုင် ရဲလှည့်ကင်းမော်တော်ယာဉ် လက်ပစ်ဗုံးပစ်ခံထိ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိ

    -

    မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၁၂)

    ကရင်ပြည်နယ် ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော်၌ လုံခြုံရေးရဲလှည့်ကင်းမော်တော်ယာဉ် လက်ပစ်ဗုံး ပစ်ခံထိသဖြင့် ရဲနှင့် အရပ်သား ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

    နိုဝင်ဘာ ၁၁ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန်ခန့် ယင်းသို့လှည့်ကင်းဆောင်ရွက်နေစဉ် ရဲစခန်းအရှေ့ဘက်တစ်ဖာလုံခန့်အကွာ ကော့ကရိတ်-ကျုံဒိုး ကုန်းပေါ်လမ်းထိပ် အမှတ် (၁) ရပ်ကွက်၊ ကုန်းပေါ်ဈေးအနီးရောက်ရှိစဉ် မော်တော်ဆိုင်ကယ်ဖြင့် အနီးမှ ဖြတ်သန်းမောင်းနှင်သွားပြီး လှည့်ကင်းယာဉ်ပေါ်သို့ လူတစ်ဦးလက်ပစ်ဗုံးတစ်လုံး ပစ်သွားခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။

    ယင်းလက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါသူများဒဏ်ရာရရှိပြီး ကျုံဒိုးပြည်သူ့ဆေးရုံသို့ ပို့အပ်စဉ် ဆေးရုံအရောက် ရဲတပ်ကြပ်ကြီး အောင်ကြိုင်၊ ရဲတပ်ကြပ်ကြီး စောခင်ညွှန့် နှင့် ရဲတပ်သား ဌေးဝင်းတို့ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ရဲအရာရှိ ၂ ဦးနှင့် အခြားအဆင့် ၃ ဦးတို့မှာ ဒဏ်ရာအသီးသီး(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ သိရသည်။ 

    ထို့ပြင် တန်ဆောင်တိုင်ပွဲတော်လာရောက်သူ အရပ်သား ဦးဇော်ဝမ်း(၃၁)နှစ် သေဆုံးခဲ့ပြီး ရဲအပါအဝင်စုစုပေါင်း ၉ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာစိုးရိမ်ရသူများကို ဘားအံဆေးရုံသို့ ညတွင်းချင်း နာရေးကူညီမှုအသင်းကားများဖြင့် ပို့ဆောင်ပေးခဲ့သည်။

    အဆိုပါ ပေါက်ကွဲမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေခံ အပစ်ရပ်အဖွဲ့အစည်းတို့  ပူးပေါင်းစုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ သို့ရာတွင် တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပတ်သက်မှုရှိမရှိ အခြေအနေကို  စိစစ်ဆဲဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ ညပိုင်းက ကျုံးဒိုးမြို့အနီးရှိ ကော့ကရိတ်မြို့ပေါ်၌  ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ရင်းမှူးတစ်ဦး နေအိမ်၌ရှိနေစဉ် မော်တော်ဆိုင်ကယ်စီးသူတစ်ဦး သေနတ်ဖြင့်လာရောက် ပစ်ခတ်လုပ်ကြံသည့်ဖြစ်စဉ်တွင် တရားခံကို ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။

    ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့တဝိုက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU, ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA, KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့များ၊ ကရင်နယ်ခြားစောင့်တပ်ရင်းများအခြေစိုက်လှုပ်ရှားလျက်ရှိပြီး DKBA (ခွဲထွက်) အဖွဲ့များလည်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

    Photo- ဒဏ်ရာရလူနာများ ဆေးရုံသို့ရောက်ရှိစဉ်(Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks