spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပဋိပက္ခဆက်လက်မကြီးထွားစေရေး KNU-NMSP ဆွေးနွေးသဘောတူပြီးနောက် ပစ်ခတ်မှုဆက်လက်ဖြစ်ပေါ်

    ပဋိပက္ခဆက်လက်မကြီးထွားစေရေး KNU-NMSP ဆွေးနွေးသဘောတူပြီးနောက် ပစ်ခတ်မှုဆက်လက်ဖြစ်ပေါ်

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၁)

    ဘုရားသုံးဆူမြို့နယ်အတွင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိသော ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ NMSP အောက်ခြေတပ်ဖွဲ့များအကြား ပဋိပက္ခဆက်လက်မကြီးထွားစေရေးအတွက် ယမန်နေ့ဆွေးနွေးပွဲ့၌ သဘောတူညီချက်ရရှိခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်မှုတစ်ကြိမ်ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

    “ ဒီနေ့ မနက် သူတို့ (KNU) ချောင်းပစ်တယ် ၆ ချက် ၇ ချက်၊ မိမိဘက်က လက်နက်ကြီးတစ်ချက်ပြန်ပစ်၊ နောက်တော့ သူတို့တက်လာတယ်၊ မိနစ်၂၀ လောက် တိုက်ပွဲဖြစ်ပြီး အသံတိတ်သွားအခုထိပဲ” ဟု မွန်ပြည်သစ်ပါတီ စစ်ဘက်အရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

    အလားတူ ယနေ့နံနက် ၇ နာရီအချိန်ခန့်တွင် နာရီဝက်နီးပါးခန့် ပစ်ခတ်မှုရှိခဲ့ကြောင်း၊ ယမန်နေ့က နှစ်ဖက်လူကြီးများတွေ့ဆုံစကားပြောခဲ့ကြပြီး ယနေ့တွင် တိုက်ပွဲပြန်ဖြစ်ကြသည့်အတွက် သုံးသပ်ရခက်ကြောင်း KNU ဗိုလ်ကြီးတစ်ဦးက ဆိုသည်။

    “မနေ့က လူကြီးတွေ(KNU-NMSP) တွေ့ဆုံကြတယ်၊ အဲဒါပြီးတော့ အိမ်ပြန်ဝက်စာကျွေးတဲ့ ထီးဝါးဒို့ကရင်ရွာသားတစ်ယောက်ကို သူတို့က (NMSP) စနိုက်ပါနဲ့တစ်ချက် ချောင်းပစ်တယ်၊ မထိဘူး လက် ၄ လုံးလောက်လိုတယ်၊ အဲဒီကျည်ဆံ ဘာအမျိုးအစားဆိုတာ ဒီမနက်မှာ သွားပြန်တူးကြည့်တယ်၊ အဲဒီအချိန်မှာ သူပြန်လှမ်းပစ်တယ်၊ အဲဒါကို ကျနော်တို့ဘက်က အတိုပဲပါတော့ သုံးလေးချက်လောက်ပြန်ပစ်တယ်၊ သေနတ်သံကြားတော့ ကျနော်တို့အဖွဲ့တွေလိုက်လာတယ်၊ ဟိုဘက်အဖွဲ့က 79 နဲ့ တစ်ချက်ပစ်တယ်၊ နောက် တိုက်ပွဲဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

    KNU ဒူးပလာယာခရိုင်ဥက္ကဌ၊ တပ်မဟာ ၆ မှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ အုပ်ချုပ်ရေးဌာနတာဝန်ရှိပုဂ္ဂိုလ်များနှင့် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်မှ ကိုယ်စားလှယ်များတို့ ဘုရားသုံးဆူမြို့ရှိ KNU ဆက်ဆံရေးရုံး၌ ယမန်နေ့က ဆွေးနွေးခဲ့ကြပြီး မနက်ဖြန် အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြဿနာဖြစ်ပွားနေသော ဗလဲ့ဒွန်ဖိုက်(မွန်) ရွာနှင့် ထီးဝါးဒို့(ကရင်) ရွာနှစ်ရွာ နယ်မြေဧရိယာ သွားရောက်သတ်မှန်ရန် သဘောတူညီခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

    “အခုပြဿနာဖြစ်နေတဲ့ရွာနှစ်ရွာမှာ မနက်ဖန်ကျရင် သွားပြီးဧရိယာသတ်မှတ်ကြမယ်၊ နှစ်ဖက်ရွာသားတွေ ရွာလူကြီးသဘောတူတဲ့နေရာကို ကျနော်တို့မွန်ပြည်သစ်နဲ့ KNU တို့ အသိအမှတ်ပြုပေးဖို့၊ နှစ်ဖက်တပ်ရင်းမှူးတွေနဲ့ အုပ်ချုပ်ရေးဌာနဘက်က မြို့နယ် ဥက္ကဌ၊ အတွင်းရေးမှူးတွေက ရွာလူကြီးတွေကို ဝိုင်းဝန်းကူညီသွားမယ်၊ နီးနီးကပ်ကပ်ရှိနေတဲ့ မွန်တပ်စခန်းနဲ့ KNU တပ်စခန်းတို့ကိုလည်း ပြဿနာ နောက်ထပ်မဖြစ်ပေါ်ဖို့ ဝေးဝေးကိုရွှေ့လိုက်ဖို့ သဘောတူခဲ့ကြတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောသည်။

    ထို့ပြင် တိုက်ပွဲဖြစ်ခဲ့သဖြင့် နေအိမ်မှစွန့်ခွာထွက်ပြေးခဲ့ရသူများ ပြန်လာနိုင်ရေး၊ မြေမြှုပ်မိုင်းများရှင်းလင်းရေး၊ အကယ်၍ လမ်းများခြံများအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲထိခိုက်ခဲ့ပါက သက်ဆိုင်ရာအဖွဲ့အစည်းက တာဝန်ယူရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးပြောဆိုခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

    “ မနက်ဖန် ရွာဧရိယာသတ်မှတ်တဲ့ကိစ္စ ဖြစ်မဖြစ်ကိုတော့ စောင့်ကြည့်ရဦးမယ်၊ ဒီနေ့အထိဆိုရင် ဘုရားသုံးဆူမြို့ တိုင်တစ်ရာဘုန်းကြီးကျောင်းမှာ ထွက်ပြေးလာတဲ့ဒုက္ခသည် ရွာသားအရေအတွက် ၁၂၀ ကျော်သွားပြီ၊ KNU နဲ့ မွန်ပြည်သစ်နှစ်ဖက်လူကြီးတွေ မနေ့ကဆွေးနွေးကြတာ အဆင်ပြေတယ်ဆိုပေမယ့် အခြေအနေက တည်ငြိမ်သွားပြီလို့ မဆိုနိုင်သေးပါဘူး” ဟု မွန်ကရင် တိုက်ပွဲဖြစ်စဉ်ကို စောင့်ကြည့်နေသည့် ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    အလားတူ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ရွာတဝိုက်ရှိ မွန်ကျေးရွာအနီးတွင် KNU တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားလာသဖြင့် စိုးရိမ်ထိန့်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

    ရေးမြို့အရှေ့ဖက်ရှိ မရမ်းချောင်းစခန်းနှင့် ဗလဲ့ဒွန်ဖိုက်ရွာအစွန်ရှိ မွန်တပ်စခန်းတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် KNU တပ်ဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုင်တစ်ရာကျောင်း၌ စစ်ရှောင်ရွာသား ၆၀ ကျော် ခိုလှုံရောက်ရှိလာခြင်း ဖြစ်သည်။

    မွန်တပ်စခန်းရှေ့၌ KNU အလံလာရောက်စိုက်ထူသည်ကို မွန်ပြည်သစ်ပါတီမှ ဖြုတ်ချခဲ့ရာမှ နှစ်ဖက်အောက်ခြေတပ်ဖွဲ့ကြား ပြဿနာစတင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

    မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မွန်နှင့်ကရင် ကျေးရွာများ ရောယှက်နေထိုင်နေကြသလို KNU ကရင်တပ်ဖွဲ့များနှင့် NMSP မွန်တပ်ဖွဲ့များလည်း အခြေစိုက်လှုပ်ရှားကြသဖြင့် နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်၍ မကြာခဏ ဖြေရှင်းခဲ့ရသည်။

    KNU တပ်မဟာ ၆ ဥက္ကဌမှ NMSP ဆက်ဆံရေးတာဝန်ရှိသူများကို ၁၈-၁၀-၂၀၁၉ နေ့က တွေ့ဆုံခဲ့စဉ်(MNA)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks