spot_img
Saturday, May 4, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်အောင်မငေးနှင့် တွေ့ဆုံခြင်း

    နိုင်အောင်မငေးနှင့် တွေ့ဆုံခြင်း

    -

    ဝဏ္ဏမာန်(အောက်တိုဘာ ၁၆)

    တစ်ဆို့နေသည့်မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့အလားအလာနှင့်ပတ်သက်၍ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးအား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဝဏ္ဏမာန် မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းချက်ကို ဗညားအောင်က မြန်မာဘာသာပြန်ဆိုသည်။

    မေး-ပြီးခဲ့တဲ့ PPST အစည်းအဝေးမှာ ဆရာတို့ဘာတွေဆွေးနွေးခဲ့ပြီး ဘာတွေဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသလဲ?

    ဖြေ- ၂၀၁၉ ခုနှစ် ၅ ကြိမ်မြောက် PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၁၀-၁၁-၁၂ ရက်တွေမှာ ကျင်းပခဲ့ပါတယ်၊ NCA လက်မှတ်ထိုး ၁၀ ဖွဲ့က ကိုယ်စားလှယ်တွေ၊ အဲဒီ ၁၀ ဖွဲ့ထဲက PPST ခေါင်းဆောင်တစ်ဦးစီ၊ ညှိနှိုင်းရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ နည်းပညာအထောက်အကူပြုတွေ ရုံးဝန်ထမ်းတွေတက်ရောက်ကြတယ်၊ ၃ ရက်ကြာ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ ဘာတွေရခဲ့သလဲဆိုရင် အစိုးရဘက်က အဆိုပြုလာတဲ့ NCA အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM တရားဝင်ကျင်းပဖို့ကိစ္စအဓိကပါလာတယ်၊ ကျနော်တို့ဘက်က တရားဝင်ဆွေးနွေးပွဲတွေ တစ်နှစ်လောက်ရပ်နားခဲ့တာပါ၊ ဒါကြောင့် တရားဝင်ဆွေးနွေးပွဲတွေကျင်းပပြီးမှ အလွတ်သဘောဆက်သွားတာ ပိုကောင်းမယ် အစိုးရဘက်ကပြောလာတာကို ကျနော်တို့လက်ခံလိုက်ပါတယ်၊ ဒါပေမယ့် JICM တရားဝင်ဆွေးနွေးပွဲမစခင်မှာ ကြိုတင်ညှိနှိုင်းတဲ့အစည်းအဝေးတစ်ခုလုပ်သင့်တယ်လို့ ကျနော်တို့ဆုံးဖြတ်တယ်၊ အဲဒီကြိုတင်ညှိနှိုင်းအစည်းအဝေးမှာ ကျနော်တို့ဖြစ်ချင်တာကို တင်ပြမယ်၊ ကျနော်တို့ တစ်ဖွဲ့တစ်ယောက်စီပါတဲ့ ညှိနှိုင်းဆွေးနွေးရေးကော်မတီဖွဲ့စည်းထားပါပြီ၊ ကျနော်တို့ ညှိနှိုင်းဆွေးနွေးရေးကော်မတီအနေနဲ့ ဘာတွေဆွေးနွေးမလဲဆိုတာကို အခြေခံအားဖြင့် ချမှတ်ထားပြီးပါပြီ၊ ဥပမာအားဖြင့် NCA အားနည်းချက်ကြောင့် တစ်ဆို့မှုဖြစ်နေတာတွေ၊ အကောင်အထည်မဖော်ဖြစ်တာတွေကို အကောင်အထည်ဖော်သွားဖို့၊ နောက်တစ်ချက် ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံနဲ့အကောင်အထည်ဖော်သွားမလဲ ဆွေးနွေးမယ်၊ ၄ နှစ်ပြည့် NCA အခမ်းအနားကျင်းပမယ်၊ ဒီအချက်တွေကို မကြာခင်ကျင်းပမယ့် JICM အကြိုညှိနှိုင်းအစည်းအဝေးမှာ တင်ပြမယ်။
    အကြိုအစည်းအဝေးမှာ အဲဒီအချက်တွေသဘောတူညီမှုရတာနဲ့ JICM လုပ်မယ်၊ အောက်တိုဘာ ၁၅ မှာ NCA ၄ နှစ်ပြည့်အခမ်းအနားကျင်းပဖို့ ရက်ကြီးအခါကြီးနဲ့တိုက်ဆိုင်နေတဲ့အတွက် ကြိုတင်ရက်ရွှေ့ပြီးတော့ မကြာခင်ကျင်းပဖို့ စီစဉ်နေပါတယ်၊ အခမ်းအနားကျင်းပရေးကော်မတီဖွဲ့ဖို့ နှစ်ဖက်ကြိုတင် သဘောတူထားကြတယ်၊ တကယ်လို့ JICM အစည်းအဝေးကျင်းပဖြစ်မယ်ဆိုရင် ခုနကကျနော်ပြောသလို NCA တစ်ဆို့မှုတွေကို အကောင်အထည်ဖော်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူတွေ၊ နောက်တစ်ချက်က ၂၀၂၀ မတိုင်ခင် ၂၀၂၀ အလွန်ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကိုလည်း အစိုးရနဲ့ သဘောတူညီမှုတွေရလာမယ်၊ လက်ရှိအစိုးရ လက်ခံသဘောတူထားတာကို ၂၀၂၀ အလွန် နောင်တက်လာမယ်အစိုးရတွေက ဆက်လက်အကောင်အထည်ဖော်ပေးရမယ် ဒါကကျနော်တို့ ချမှတ်ထားတဲ့ အခြေခံလုပ်ငန်းစဉ်တွေပါ။

    မေး- ဒေသဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကနေတဆင့် သွားရမယ့်ကိစ္စတွေကရော?

    ဖြေ- ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ အစိုးရကနေ ကျနော်တို့ဆီကို စာနဲ့အကြောင်းကြားခဲ့တယ်၊ ကျနော်တို့အကောင်အထည်ဖော်မယ့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို NRPC ဆီတင်ရမယ်၊ NRPC သဘောတူမှ ဆက်လက်အကောင်အထည်ဖော်ဖို့ ပြောလာတဲ့ကိစ္စ၊ အဲဒီအချက်က NCA သဘောတူညီချက်ပါ အပိုဒ် ၂၅ ဖော်ပြချက်နဲ့ လွဲမှားနေပါတယ်၊ ဒီလိုမဖြစ်သင့်ဘူး၊ NCA အပိုဒ် ၂၅ မှာ ဘာတွေပြောထားသလဲဆိုရင် ဖွံ့ဖြိုးရေးကိစ္စတွေကို နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်သွားရန်လို့ပါရှိပါတယ်၊ ဒီကိစ္စတွေကို အစိုးရနဲ့ သမ္မတဆီ ကျနော်တို့ စာရေးသားတင်ပြသွားဖို့ PPST ဆုံးဖြတ်ခဲ့ပါတယ်။

    မေး-နောက်တစ်ချက် သမ္မတရုံးက ပေါက်ကြားလာတဲ့ လုံခြုံရေးသတိပေးချက်က အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကိုရော?

    ဖြေ- ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့ကြီးတွေမှာအကြမ်းဖက် ဖောက်ခွဲမှုတွေလုပ်နိုင်တယ်ဆိုပြီး သမ္မတရုံးကနေ လှို့ဝှက်အကြောင်းကြားစာတစ်စောင် အင်တာနက်မှာ ပျံ့လာတယ်၊ အဲဒီစာမှာ NCA လက်မှတ်ထိုးထားတဲ့ CNF နဲ့ KNU တို့ပါဝင်နေတယ်လို့ စွပ်စွဲထားတယ်၊ ဒီလိုအခြေအမြစ်မရှိတဲ့ သတင်းတွေအပေါ်အခြေခံပြီး စွပ်စွဲတာတွေဟာ မဖြစ်သင့်ဘူး၊ ဒီကိစ္စဟာ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်ကြား အထင်အမြင်လွဲမှားမှုတွေ သံသယတွေဖြစ်ပေါ်စေနိုင်တယ်၊ နှစ်ဖက်ကြားမှာ ယုံကြည်မှုတွေကို ပျက်ပြားစေနိုင်တယ်၊ ဒါကြောင့် ဒါကို ကျနော်တို့ကန့်ကွက်တယ်။

    မေး- တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်နေသလို ကျန်တဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့အပေါ် ဘယ်လိုဆွေးနွေးပြောဆိုကြတာ ရှိသလဲ?

    ဖြေ- ဟုတ်ကဲ့ ရခိုင်နဲ့ ရှမ်းမြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်၊ ဒီလိုသာ တိုက်ပွဲတွေဆက်ဖြစ်နေမယ်ဆိုရင် တည်ငြိမ်အေးချမ်းမှုမရှိဘူး၊ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားတွေဖြစ်စေတဲ့အတွက် နှစ်ဖက်စလုံးကနေ စစ်ပွဲအရှိန်တွေ လျှော့ပေးစေလိုတယ်၊ နောက်ပြီး စစ်ပွဲတွေရပ်စဲပြီးတော့ ငြိမ်းချမ်းရေးစကားဝိုင်းထဲ ဝင်ရောက်စေချင်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းထဲမှာ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးဟာလည်း Joint Ownership (ပူးတွဲပိုင်ဆိုင်သူ) တွေဖြစ်တဲ့အတွက် ပါဝင်သင့်ပါတယ်။ အလားတူ နိုင်ငံရေးပါတီတွေ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ပါဝင်ရမှာဖြစ်ပြီး အားလုံးနားလည်မှုရှိမှသာလျင် အောင်မြင်လိမ့်မှာဖြစ်တယ်၊ ဒါကြောင့် NCA လက်မှတ်ရေးမထိုးသေးတဲ့အဖွဲ့တွေ နားလည်မှုရှိစွာနဲ့ NCA လက်မှတ်ရေးထိုးလာဖို့ ကိုလည်း ကျနော်တို့တိုက်တွန်းထားပါတယ်။ ချုပ်လိုက်ရင် ၅ ကြိမ်မြောက် PPST အစည်းအဝေး ၃ ရက်မှာ အဓိကအချက် ၅ ချက်ကို ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပါတယ်။

    မေး-NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ဘယ်တော့စနိုင်မလဲ?

    ဖြေ- ပဏာမအနေနဲ့ JICM ညှိနှိုင်းရေးအဖွဲ့ကို ကျနော်တို့ဘက်က ဖွဲ့စည်းထားပြီးပြီ၊ JICM အစည်းအဝေးခေါ်ယူဖို့ ကျနော်တို့က သဘောတူတယ် ဒါပေမယ့် Pre- JICM Meeting အစည်းအဝေးတစ်ခု အရင်ကျင်းပဖို့ ကျနော်တို့တောင်းဆိုတယ်၊ အစိုးရ ဘယ်နေ့ရက်ချိန်းပေးနိုင်မလဲ၊ အကြောင်းကြားထားပြီးပြီ သူတို့ပေးလာမယ့် ရက်ချိန်းကို စောင့်နေတယ်၊ Pre- JICM Meeting မှာ သဘောတူမှုရတာနဲ့ JICM အစည်းအဝေး တစ်ခါတည်း စတင်နိုင်လိမ့်မယ်။ 

    မေး- အရင်က တရားဝင်ဆွေးနွေးပွဲတွေ မစနိုင်သေးရင် အလွတ်သဘောဆွေးနွေးမှုတွေ အရင်လုပ်ခဲ့ကြတယ်၊ အခု JICM တရားဝင်အစည်းအဝေးမစခင်မှာ အလွတ်သဘောမဆွေးနွေးဘဲနဲ့ ဘာဖြစ်လို့ Pre-JICM Meeting လုပ်ရတာလဲ ရှင်းပြပေးပါဦး?

    ဖြေ-ဟိုးအရင့်အရင်ကတည်းကပဲ ကျနော်တို့တောင်းဆိုချက်တွေကို အလွတ်သဘောဆွေးနွေးမှုတွေမှာ တင်ပြခဲ့သလို အစိုးရဘက်ကလည်း သူတို့ဘက်က ဆောင်ရွက်ချင်တဲ့အချက်တွေ ပြန်ချပြပေးခဲ့တာရှိတယ်၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ NCA တစ်ဆို့မှုအကောင်အထည်ဖော်ရေးလိုဟာမျိုး စာနဲ့ပေနဲ့ ရေးသားပြီး ကျနော်တို့တင်ပြခဲ့တာရှိတယ်၊ အစိုးရဘက်ကလည်း သူတို့ဖြစ်ချင်တဲ့ပုံစံကို ပြန်ကြား ပေးလာတာရှိတယ်၊ အခုအချိန်မှာ ကျနော်တို့အလွတ်သဘောတွေ အများကြီးဆွေးနွေးခဲ့ပြီးပြီ၊ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့အချက်တွေကိုလည်း အဆင်သင့်ရထားပြီးပြီ၊ ဒါကို သဘောတူနိုင်ဖို့ JICM အစည်းအဝေး ကျင်းပရမယ်၊ အစိုးဘက်ကတော့ တရားဝင်ဆွေးနွေးပွဲလုပ်ပြီးမှ အလွတ်သဘောတွေကို ဆွေးနွေးစေချင်တယ်၊ ပြီးခဲ့တဲ့ကာလတွေမှာ အလွတ်သဘောအစည်းအဝေးတွေပဲ လုပ်ခဲ့တာဆိုတော့ ပြည်သူတွေ အဖွဲ့အစည်းတွေ နိုင်ငံတကာဘက်ကလည်း ကျနော်တို့နှစ်ဖက်စလုံးအပေါ်မှာ ယုံကြည်မှုတွေ ကျဆင်းလာတယ်၊ ဒီယုံကြည်မှုတွေ ပြန်လည်တည်ဆောက်လိုတာလည်း တစ်ပိုင်းပေ့ါ ဒါကြောင့် ကျနော်တို့ဘက်က JICM တရားဝင်အစည်းအဝေးကို လက်ခံလိုက်တာပါ။

    ဘယ်လိုပဲဆိုဆို JICM ထဲမှာ တစ်ဖက်နဲ့တစ်ဖက် ငြင်းခုံမှုမရှိစေဖို့ အကျိုးမရှိတဲ့ကိစ္စတွေ မဆွေးနွေးဖို့ Pre-Meeting အရင်ထိုင်မယ့်ဟာကို အစိုးရလက်ခံလိမ့်မယ်လို့ ကျနော်ယူဆတယ်၊ Pre-Meeting ထိုင်လိုက်ခြင်းအားဖြင့် ဘယ်ကိစ္စကိုနှစ်ဖက်စလုံးက လက်ခံထားတယ် သဘောတူထားတဲ့အချက်တွေကို သက်ဆိုင်ရာအလုပ်အဖွဲ့ကနေစုစည်းပြီးတော့ JICM အစည်းအဝေးမှာ ချပြလိုက်ယုံပဲ၊ ဒါတွေကို နှစ်ဖက်လူကြီးတွေ လက်ခံသဘောတူ အတည်ပြုပေးဖို့ပဲရှိတယ်၊ ပြီးတော့ အဲဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အသေးစိတ်အချက်အလက်တွေပါဝင်လာမယ်၊ အခုကိစ္စမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC ကျင်းပဖို့ပါလာမယ်၊ ရှင်းရှင်းပြောရရင် JICM အစည်းအဝေးခေါ်ရတာက UPC – ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပဖို့ အဓိကပဲ၊ ဒီအစည်းအဝေးမှာ ကျနော်တို့လိုချင်တဲ့အချက်တွေနဲ့ အစိုးရလက်ခံနိုင်တာ အတူတူတစ်ထပ်တည်းဖြစ်ရပါမယ်၊ ဒီညီလာခံက ချမှတ်ဆုံးဖြတ်တာတွေကို နောင်တက်လာမယ့်အစိုးရကနေ ဆက်ပြီးအကောင်အထည်ဖော်ပေးရမယ့် တာဝန်ရှိပါတယ်။    

    မေး-ဟုတ်ကဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာများရှိရင် ပြောပေးပါခင်ဗျာ?

    ဖြေ-အားလုံးသိတဲ့အတိုင်း ငြိမ်းချမ်းမှ တိုးတက်မယ်၊ သူများနိုင်ငံနဲ့ယှဉ်လိုက်ပါ ကျနော်တို့နိုင်ငံအနေအထား ဘယ်လိုရှိနေသလဲဆိုတာ အများသိကြတဲ့အတိုင်းပါပဲ၊ တစ်ချိန်ထဲမှာပဲ လွတ်လပ်ရေးရတာချင်းအတူတူ ကျနော်တို့နိုင်ငံ သူများထက်နိမ့်ကျနေရတယ်၊ ဒါပေမယ့် ကျနော်တို့နိုင်ငံရဲ့ပြဿနာကိုရှင်းတဲ့နေရာမှာ အုပ်စု ၃ ခုကို တစ်ပြိုင်ထဲဖြေရှင်းရပါမယ်၊ နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ တိုင်းရင်းသားအုပ်စု နိုင်ငံရေးပါတီ အုပ်စု အစိုးရ၊ လွှတ်တော်၊ တပ်မတော်အုပ်စု ဒီ ၃ အုပ်စုလုံးပါဝင်ရပါမယ်၊ အားလုံးက ငြိမ်းချမ်းလိုတဲ့ စိတ်ဆန္ဒစေတနာမှန်ကန်ရမယ်၊ လေးနက်မှု ရှိမှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်နိုင်ပါလိမ့်မယ် ဒါကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒီအုပ်စု ၃ ခုလုံး ထဲထဲဝင်ဝင်လိုက်ပါလာအောင် တိုင်းရင်းသားပြည်သူတွေ ပညာရှင်တွေ ပါဝင်ပြီးတော့ တိုက်တွန်းနှိုးဆော် အကြံပြုပေးကြပါလို့ ဖြည့်စွက်ပြောလိုပါတယ် ခင်ဗျာ။   

    မေး-ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts