spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပသူ နော်အုန်းလှတို့ကို ဖမ်းဆီးအရေးယူမှုသည် ထိလွယ်ရှလွယ်ကိစ္စဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရစဉ်းစားသင့်ဟုဆို

    ကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပသူ နော်အုန်းလှတို့ကို ဖမ်းဆီးအရေးယူမှုသည် ထိလွယ်ရှလွယ်ကိစ္စဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရစဉ်းစားသင့်ဟုဆို

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၇)

    ရန်ကုန်မြို့တွင် ကရင့်အာဇာနေ့ဦးဆောင်ကျင်းပသူ ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ နော်အုန်းလှနှင့် လူငယ် ၂ ဦးတို့အား ဖမ်းဆီးအရေးယူမှုသည် ထိလွယ်ရှလွယ်ကိစ္စဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စဉ်းစားချင့်ချိန်သင့်ကြောင်း ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ KUPC ပြောရေးဆိုခွင့်ရှိသူ မန်းထိန်ဝင်းစိန်က ပြောသည်။

    “နော်အုန်းလှတို့ကို ဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကရင်တွေတောင်မကဘူး ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံက ကန့်ကွက်နေကြပြီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နေတဲ့ကာလမှာ ဒါတွေဟာ ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်တယ်၊ တိုင်းရင်းသားတွေရင်ထဲ အနာတရနက်နက်ရှိုင်းရှိုင်း ဖြစ်နိုင်တဲ့ကိစ္စ၊ ကရင်မဟုတ်သော်လည်း ကျန်တဲ့တိုင်းရင်းသားတွေအားလုံး စာနာစိတ်နဲ့ ထိလွယ်ရှလွယ် ရင်ထဲဖြစ်ကုန်တယ်၊ အဲလိုဖြစ်ကုန်ကြတော့ ဒီအခြေအနေဟာ နိုင်ငံတော်အစိုးရကနေပြီးတော့ စဉ်းစားသင့်ပြီလို့ ပြောချင်တယ်” ဟု မန်းထိန်ဝင်းစိန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    NCA အခန်း(၁) အခြေခံမူ အပိုဒ်(၁) အပိုဒ်ခွဲ(စ) တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ၊ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ ဘာသာစကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံးစုပေါင်းဖော်ဆောင်ရန်” ဟူ၍ဖော်ပြထားပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ အခန်း(၃) အပိုဒ်(၄) အပိုဒ်ခွဲ(ဂ) တွင် မိမိတို့၏ယဉ်ကျေးမှု၊ ဓလေ့ထုံးဓမ်းအရ ဆောင်ရွက်သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာကျင်းပခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း KUPC ၏ စက်တင်ဘာ ၂၆ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။

    ထို့အတူ အင်းစိန်ထောင်၌ ခေတ္တအထိန်းသိမ်းခံ ထားရပြီး  ကျောက်တံတားမြို့နယ်တရားရုံးသို့ ယနေ့ ရုံးချိန်းရောက်ရှိလာသည့် နော်အုန်းလှက “ကျမတို့၏နိုင်ငံသားများ၏ မူလအခွင့်အရေး ၊ လူ့အခွင့်အရေး နှင့် ဌာနေတိုင်ရင်းသားများ၏ အခွင့်အရေးချိုးဖောက်ခံရ၍  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC) အပါဝင် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ၊ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ ၊ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ နှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနများသို့ တိုင်ကြားစာများပေးပို့ပါမည်” ဟု သူမ၏ Facebook တွင် ရေးသားထားသည်။

    Photo- ကရင်အမျိုးသမီးအစည်းအရုံးဥက္ကဌ နော်အုန်းလှ(Naw Ohn Hla)

    ကျောက်တံတားတရားရုံးသို့ ယနေ့ရုံးချိန်းလာရောက်စဉ် ကရင်လူထု ၃၀၀ ကျော်ဝန်းရံခဲ့ကြပြီး လာမည့် အောက်တိုဘာ ၂ ရက်နေ့တွင် အမိန့်ချမှတ်မည်ဟု သိရသည်။

    လာရောက်ဝန်းရံသူများအနက် ကရင်အမျိုးသားအစည်းအရုံး KNU  ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ” ဒေါ်အောင်ဆန်းစုကြည် နိမ့်ပါးနေတုန်းက နော်အုန်းလှက ရွှေတိဂုံဘုရားမှာ ဆုတောင်းပေးခဲ့တယ်။ ဒါကိုထောက်ထားသင့်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ အမှုကိုပြန်ရုပ်သိမ်းပေးပါလို့ ပြောချင်တယ်။ ဒါက ကျနော့် တစ်ဦးတည်းအမြင်မဟုတ်ဘူး KNU ရဲ့သဘောထားဖြစ်တယ်”ဟု တရားရုံးရှေ့တွင် မီဒီယာများကို ပြောသည်။

    အလားတူ ကရင့်အာဇာနည်နေ့ကျင်းပခြင်းနှင့် ဆက်စပ်ပြီး အရေးယူခံနေရသော နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးအား အမျိုးသားရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးကိုရှေးရှု၍ တရားစွဲဆိုမှုများကို ရုတ်သိမ်းပေးပါရန် KUPC ၏ ကြေညာချက်တွင် တောင်းဆိုထားသည်။

    ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ Karen Unity and Peace Committee ကို ကရင်အမျိုးသားဘာသာရေးခေါင်းဆောင်များ၊ ကရင်လက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ကရင်လူငယ်များနှင့် ဒေသအသီးသီးမှကိုယ်စားလှယ် ၉၆ ဦးဖြင့် ၂၀၁၃ ခုနှစ် မတ်လအတွင်းက ဖွဲ့စည်းထားခြင် းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks