spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လာစေရန် မွန်ညီညွတ်ရေးပါတီမှ Gender Policy ချမှတ်သွားမည်

    နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လာစေရန် မွန်ညီညွတ်ရေးပါတီမှ Gender Policy ချမှတ်သွားမည်

    -

    စန္ဒာဉာဏ်(မော်လမြိုင်၊ စက်တင်ဘာ ၂၆)

    နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လာစေရန် လက်ရှိရေးဆွဲထားသော Gender Policy ကို မကြာမီကျင်းပမည့် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ပြီး Gender Policy ကို ချမှတ်တော့မည်ဖြစ်ကြောင်း သိရသည်။

    “အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာ ပါဝင်လာအောင် ရေးဆွဲရမယ်ပေါ့နော်။ Gender လို့ပြောလိုက်ရင် ကျား၊ မ နဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေပါတာပေါ့။ ဒီလိုရေးဆွဲထားတဲ့အထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေက အမျိုးသမီးတွေရဲ့ အရည်အချင်းကို ဘယ်လိုမြှင့်တင်မလဲ နိုင်ငံရေးမှာ ပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲ ဘာကြောင့် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်လာသင့်သလဲ စတာတွေကို ရေးဆွဲသွားမှာပါ” ဟု မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မိလဝီဟန်က ပြောသည်။

    မွန်ညီညွတ်ရေးပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ၆၁ ဦးတွင် အမျိုးသမီး ၈ ဦးပါဝင်ပြီး ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်း ရှိသည်။

    “ကျွန်မတို့ပြောနေတဲ့ ၃၀ ရာခိုင်နှုန်းမပြည့်ပေမယ့် ပြည့်မီအောင် ကြိုးစားသွားမှာပါ ဘာကြောင့်လဲဆိုတော့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ် တကယ်လို့ အမျိုးသမီးအင်အားမပါဝင်လာဘူးဆိုရင် ဘယ်လောက်လုပ်လုပ် ခရီးမရောက်ဘူး အမျိုးသမီးထုကို အသိအမှတ်မပြုရင် ဒီလူ့အဖွဲ့အစည်းဟာ ရေရှည်သွားဖို့ မဖြစ်နိုင်ဘူး” ဟု ၎င်းကဆက်ပြောသည်။

    ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) နှင့် မွန်အမျိုးသမီးများကွန်ရက် (MWN) တို့ ပူးပေါင်းပြီး မွန်ညီညွတ်ရေးပါတီ (MUP) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့၏ ပါတီတွင်း Gender Policy ရေးဆွဲနိုင်ရန် စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

    “MWN မှာက focal ရှိမယ် မွန်ပြည်သစ်ပါတီမှာလည်း focal ရွေးထားတယ် မွန်ညီညွတ်ရေးပါတီမှာလည်း focal ရွေးထားတယ်။ ဒီ focal တွေ ရှေ့ဆက်တွေ့ဆုံပြီး တိုက်တွန်းသွားနိုင်ဖို့ ကျွန်မတို့လုပ်ထားတယ်။ သဘောတူညီချက်ကတော့ ဒီ Gender Policy ဟာ ရှိသင့်တယ် ဆွဲသင့်တယ် ဒါပေမယ့် အများနားလည်သဘောပေါက်ထားတဲ့အပေါ်မူတည်ပြီး ရေးဆွဲရမယ် အလောတကြီးတော့ လုပ်လို့မရဘူးပေါ့” ဟု မွန်အမျိုးသမီးအဖွဲ့ ဥက္ကဌ မိကွန်းချမ်းနွန်က ပြောသည်။

    အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုနည်းရခြင်းမှာ အစဉ်အလာဓလေ့ထုံးတမ်းများက အားပေးမှုနည်းခြင်း၊ ယင်းအကျိုးဆက်ကြောင့် အမျိုးသမီးများကိုယ်တိုင် မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းလာခြင်းတို့ကြောင့်ဖြစ်ပြီး အကယ်၍ မူဝါဒခိုင်ခိုင်မာမာရှိပါက အမျိုးသမီးများပါဝင်မှု မြင့်တက်လာမည်ဟု ၎င်းကသုံးသပ်သည်။

    လက်ရှိမွန်ညီညွတ်ရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အမျိုးသမီးကဏ္ဍပါဝင်ပြီး အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေးရရှိရေး၊ ကဏ္ဍတိုင်း၏ ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း ခွဲခြားဆက်ဆံခြင်းမရှိစေရန် မူဝါဒချမှတ်ပြီး ကြိုတင်ကာကွယ် တုံ့ပြန်ဆောင်ရွက်ရေး စသည့် အချက် ၃ ချက်ပါဝင်သည်။

    အလားတူ မွန်လူငယ်များနှင့်ဆိုင်သော မူဝါဒချမှတ်နိုင်ရန် မကြာမီရက်ပိုင်းတွင် မွန်လူငယ်နှီးနှောဖလှယ်ပွဲတစ်ရပ်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    Photo- Gender Policy ရေးဆွဲနိုင်ရန် AGIPP, MWN, MUP တို့တွေ့ဆုံဆွေးနွေးခဲ့စဉ်(မိသုမန်)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks