spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင်ပါဝင်လာစေရန် မွန်လူငယ်များနှီးနှောဖလှယ်ပွဲ ကျင်းပမည်

    နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင်ပါဝင်လာစေရန် မွန်လူငယ်များနှီးနှောဖလှယ်ပွဲ ကျင်းပမည်

    -

    လရီချမ်း (စက်တင်ဘာ ၂၅)

    နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင် မွန်လူငယ်များပိုမိုပါဝင်လာရန်ရည်ရွယ်ပြီး မွန်လူငယ်များနှီးနှောဖလှယ်ပွဲ Mon Youth Seminar တစ်ရပ်ကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တစ်နေရာ၌ လာမည့် စက်တင်ဘာလ ၂၉ ရက်တွင် စတင်ကျင်းပသွားမည့်ဟု သတင်းရရှိသည်။

    မွန်လူငယ်ဖိုရမ် MYF အကြံပေး နိုင်ဉာဏ်စိုက်ရာမာန်က “နိုင်ငံရေးကဏ္ဍတွေမှာပဲ ဖြစ်ဖြစ် ငြိမ်းချမ်းရေးကဏ္ဍတွေမှာပဲ ဖြစ်ဖြစ် လူငယ်တွေစည်းလုံးညီညွတ်စွာ ပါဝင်လာဖို့နဲ့ မွန်လူငယ်တွေအတွက် ကောင်းမွန်တဲ့မူဝါဒကြမ်းတစ်ခု ပေါ်ထွက်လာနိုင်အောင် အဲဒီဆွေးနွေးပွဲကနေ အချက်အလက်တွေ သဘောတူညီချက်တွေ ရရှိလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ NMSP, မွန်ညီညွတ်ရေးပါတီ MUP နှင့် မွန်လူငယ်ဖိုရမ် MYF တို့ ပူပေါင်း၍ အဆိုပါနှီးနှောဖလှယ်ပွဲကို ကော့ကရိတ်မြို့ နယ်၊ ဝဲရိတ်ကျေးရွာ၌ နှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီး လူငယ်များ၏ အသံ၊ အကြံဉာဏ်နှင့် အမြင်များပါဝင်သည့် ကောင်းမွန်သောလူငယ်မူဝါဒတစ်ခု ပေါ် ထွက်လာနိုင်မည်ဟု မျှော်လင့်နေကြသည်။

    မွန်လူငယ်နှီးနှောဖလှယ်ပွဲ ပြောခွင့်ရှိသူ မိမရော့စွန်းက “ကျွန်မတို့ဆွေးနွေးသွားမှာက အဓိကကတော့ လူငယ်တွေ နိုင်ငံရေးကဏ္ဍမှာ ပါဝင်လာစေဖို့ပဲ။ နိုင်ငံရေးပိုင်းမှာဆိုရင် မွန်ပြည်သစ်ပါတီရှိတယ်။ မွန်ညီညွတ်ရေး ပါတီရှိတယ်ပေါ့။ ပါတီနှစ်ခုရှိတာပေါ့နော်။ အဲဒီပါတီတွေထဲမှာ လူငယ်တွေ များများပါဝင်လာအောင် ဘယ်လိုလုပ်ဆောင်သွားမလဲ ဘယ်လိုစွမ်းဆောင်ရည်တွေ မြှင့်တင်ပေးရမလဲဆိုတာကို ဆွေးနွေးကြမယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သို့ရာတွင် ခိုင်မာသောလူငယ်မူဝါတစ်ရပ်မရှိသေးသဖြင့် မွန်လူငယ်များအနေဖြင့် ရည်မှန်းချက်ပန်းတိုင် ပီပြင်မှုမရှိသေးကြောင်း မွန်လူငယ် မင်းထောက ဆိုသည်။

    “လူငယ်တွေနဲ့ ပတ်သက်ပြီး မူဝါဒမရှိသေးပါဘူး။ မရှိတဲ့ခါကျတော့ လူငယ်တွေက ကိုယ်နည်းကိုယ်ဟန်နဲ့ပဲ လှုပ်ရှားနေရတဲ့အခါကျတော့ မွန်လူငယ်တွေရဲ့ ပန်းတိုင်ကလည်း ဟိုသွားဒီသွားဖြစ်နေတယ်။ အကယ်၍ မူဝါဒတစ်ခု ပေါ်ထွက်လာမယ်ဆိုရင် လူငယ်တွေအာလုံး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွန်းအားမျိုး ပေးသွားရမလဲဆိုတာကို သိလာကြမယ်” ဟု မင်းထောက ဆက်ပြောသည်။

    အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ ဝယ်ဗိုင်ကျေးရွာ၌ ၂၀၁၂ ခုနှစ်ဧပြီလက တတိယအကြိမ် မွန်လူငယ်များနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့ရာတွင် ပြည်တွင်းပြင်ပအဖွဲ့အစည်းအသီးသီးရှိ လူငယ်များ၊ မြို့နယ်လူငယ်ကိုယ်စားလှယ်များ၊ မွန်ပြည်သစ်ပါတီ NMSP၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP လူငယ်များတက်ရောက်ခဲ့ပြီး ဆုံးဖြတ်ချက် ၈ ချက်ချမှတ်ခဲ့ကြောင်း သိရသည်။

    ထိုနောက် ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ့ ၂၅၀၀ ဗိမာန်တော်၌ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်မြို့နယ်အသီးသီးမှ လူငယ်ကိုယ်စားလှယ် ၅၀၀ ဦးခန့် တက်ရောက်ခဲ့သော ပထမအကြိမ် မွန်လူငယ်များညီလာခံတွင်လည်း လူငယ်မူဝါဒချမှတ်နိုင်ခြင်းမရှိခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

    Photo- ပထမအကြိမ် မွန်လူငယ်များညီလာခံ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks