spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားအမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းပေးသွားမည်ဟု မွန်လဝကဝန်ကြီးဆို

    တိုင်းရင်းသားအမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းပေးသွားမည်ဟု မွန်လဝကဝန်ကြီးဆို

    -

    မင်းသူရိန်(မော်လမြိုင်၊ စက်တင်ဘာ ၂၄)
    တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်း ဖော်ပြပေးသွားမည်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။

    တိုင်းရင်းသားလူမျိုးများ၏ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် သန်းခေါင်စာရင်း၊ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကဒ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် လူမျိုးနှင့် သက်ဆိုင်သည့် အခေါ်အဝေါ်များ ထည့်သွင်းရေးသား ဖော်ပြပေးရန် အစီအစဉ်ရှိမရှိနှင့် ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများ ပြန်လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)တွင် သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ မေးမြန်းခဲ့ရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်ဖြစ်သည့် မှတ်ပုံတင်ကို ဥပဒေများနှင့်အညီ စိစစ်ထုတ်ပေးလျက်ရှိပါကြောင်း၊ မွေးစာရင်းတွင် မိမိမှည့်လိုသည့် အမည်ကို ထည့်သွင်းပြီး ထွေ- ၁(က) တွင်လည်း တူညီရမည်ဖြစ်ကြောင်း၊ ပြီးမှသာ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းတွင် ထည့်သွင်းရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကာယကံရှင် ကိုယ်တိုင်မှ မိမိထည့်သွင်းလိုသည့်အမည်ကို တစ်ခါတည်းထည့်သွင်းနိုင်ပါကြောင်း၊ ယခုအခါတွင် မှားယွင်းစွာထည့်သွင်းဖော်ပြခံရသော တိုင်းရင်းသားများ၏ စရိုက်လက္ခဏာ အမည်နာမဝိသေသနများကို ပြန်လည်ပြင်ဆင်ပြောင်းလဲချင်ပါက မြို့နယ်လဝကဦးစီးမှူး ရုံးမှတစ်ဆင့် အဆင့်ဆင့်လျှောက်ထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများအတွက်လည်း ပြန်လည်ပြင်ဆင်ပေးလျက်ရှိကြောင်း ဦးထွန်းမင်းအောင်က ဆိုသည်။

    “ကာယကံရှင်ကိုယ်တိုင်က ထည့်ချင်တဲ့ဟာကို ပြောရမယ် ဒါက မှတ်ပုံမတင်ခင် နောက်တစ်ခုက မှတ်ပုံတင်ထားပြီးပြီ ပြန်လည်ပြင်ဆင်တဲ့နေရာမှာက ဒါက လုပ်ထုံးလုပ်နည်းအရ ပြည်ထောင်စုထိ တင်ရမယ်၊ အချိန်အားဖြင့် အဆင့်ဆင့်ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကြာချိန်ကိုဖြေကြား၍မရပါ”ဟု ဦးထွန်းမင်းအောင်က ပြောသည်။

    တိုင်းရင်းသားလူမျိုးများသည် အမည်နာရှေ့တွင် ၎င်းတို့၏ လူမျိုးဝိသေသလက္ခဏာများကိုသာ ထည့်သွင်းဖော်ပြပေးရန် ဆန္ဒရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်သည့်အခါတွင် ၎င်းတို့၏ အမည်နာမရှေ့တွင် “ဦး၊ မောင်၊ ဒေါ်၊ မ” တို့ကိုသာ ထည့်သွင်းခံရသည်ကို တွေ့ရှိနေရသည်။

    “ကျောင်းတွေမှာ မှတ်ပုံတင်လုပ်ရင် ခလေးက သူ့ စောထည့်ရမလား မောင်ထည့်ရမလား မထည့်ရမလား မသိဘူး၊ ဒါ ကျောင်းတွေမှာ မှတ်ပုံတင်လုပ်တဲ့အခါကျရင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့သဘောသဘာဝ ဒီလိုအဖြစ်အပျက်မျိုးတွေက အများကြီးရှိနေတယ်”ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

    ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနလည်း ပေါ်ပေါက်လာသည့်အတွက် အဆိုပါကိစ္စကို ပြန်လည်ပြင်ဆင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်သည့်အတွက် လွှတ်တော်မှတဆင့် တောင်းဆိုနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ဆိုသည်။

    “တိုင်းရင်းသားတွေက ပအိုဝ်းဆိုရင်လည်း ပအိုဝ်း/ဗုဒ္ဓ ကရင်ဆိုရင် ကရင်/ဗုဒ္ဓ မွန်ဆိုရင် မွန်/ဗုဒ္ဓ အဲလိုထည့်ချင်တယ် ဒါတွေကို တောင်းဆိုကြတာပေါ့ တိုင်းရင်းသားတွေ သူတို့ရဲ့ဝိဒေသလက္ခဏာဖြစ်တဲ့ ကရင်ဆိုရင် စော၊ နန်း သို့မဟုတ် နော် ပအိုဝ်းဆိုရင် ခွန်၊ နန်း မွန်ဆိုရင် နိုင်၊ မင်း သို့မဟုတ် မိ ထည့်ချင်တယ်”ဟု ဒေါ်စံဝင့်ခိုင်က ပြောသည်။
    တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာဖြစ်သည့် ဗမာလူမျိုးဆိုလျှင် ၎င်းတို့၏ အမည်နာမရှေ့တွင် ဦး၊ မောင်၊ ဒေါ်၊ မ၊ ကရင်ဆိုလျှင် နန်း၊ စော၊ မာန်၊ မွန်ဆိုလျှင် မင်း၊ နိုင်၊ မိ၊ ပအိုဝ်းဆိုလျှင် ခွန်၊ နန်း အစရှိသည့် လူမျိုးဝိသေသလက္ခဏာများတပ်ပြီး ခေါ်ဝေါ်သုံးစွဲကြလေ့ရှိသည်။

    လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းများမှာ တိုင်းရင်းသား အမည်ရှေ့တွင် “ဦး၊ မောင်၊ ဒေါ်၊ မ” တို့ကို ထည့်သွင်းကောက်ခံလျက်ရှိပြီး ယင်းအပေါ် တိုင်းရင်းသားတို့က ဝေဖန်လျက်ရှိသည်။

    Photo- မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် (မွန်လွှတ်တော်)


    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks