Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော်ကို ပြည်နယ်အစိုးရလွှမ်းမိုးနေကြောင်း ခံစားရသည့်ဟု လွှတ်တော်ဥက္ကဋ္ဌပြော

    မွန်ပြည်နယ်လွှတ်တော်ကို ပြည်နယ်အစိုးရလွှမ်းမိုးနေကြောင်း ခံစားရသည့်ဟု လွှတ်တော်ဥက္ကဋ္ဌပြော

    -

    မင်းသူရိန်(မော်လမြိုင်၊ စက်တင်ဘာ ၁၉)

    ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာ ၁၉ ရက် (ယနေ့)တွင် စတင်ကျင်းပရာ မွန်ပြည်နယ်လွှတ်တော်ကို မွန်ပြည်နယ်အစိုးရက လွှမ်းမိုးနေသည့်ဟု ခံစားရကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သတင်းမီဒီယာများကို ပြောကြားလိုက်သည်။

    ဒုတိယအကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းမည့် မေးခွန်း ၄၉ ခုကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၅ ခုသာ ဖြေကြားမည်ဟု မွန်ပြည်နယ်လွှတ်တော်ကို စာပို့ခဲ့ခြင်းအပေါ်မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားခြင်းဖြစ်သည်။

    “အစိုးရက ကျွန်မကိုပေးတဲ့စာအရ အချိန်မီ မပေးနိုင်တဲ့ ဌာနကို တွန်းအားပေးရမယ့်အစား ကျွန်မတို့ လွှတ်တော်ကို လာပြီး လွှမ်းမိုးတယ်လို့ ခံစားရတယ်၊ ဌာနက ဖြေဖို့အချိန်မလောက်ရင် ဌာနကို တွန်းအားပေးလေ၊ ဒီမေးခွန်းမမေးနဲ့ဆိုပြီး ကျွန်မတို့ကို ဘာလို့ လာလွှမ်းမိုးတာလဲ၊ ကျွန်မတို့ လွှတ်တော်ကို လွှမ်းမိုးတာ ဥပဒေပဲရှိတယ်၊ ကျန်တဲ့ဘယ်သူမှ မလွှမ်းမိုးဘူး”ဟု ဒေါ်တင်အိက ဆိုသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့က မေးခွန်းများကို သက်ဆိုင်ရာ ဌာနများသို့ ပြန်ကြားပေးထားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဝန်ကြီးများမှ အတည်ပြုနိုင်ရန်အတွက် အချိန်မလုံလောက်သောကြောင့် ဖြေကြားနိုင်ခြင်းမရှိပါဟု စက်တင်ဘာ ၁၇ ရက်တွင် မွန်ပြည်နယ်လွှတ်တော်သို့ စာပေးပို့ခဲ့ကြောင်း ၎င်းက ပြောသည်။

    လွှတ်တော်အားကောင်းမှ ဒီမိုကရေစီစနစ် အားကောင်းမည်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းမှ ပြည်နယ်ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကြီးကြပ်ရမည့်အစား လွှတ်တော်ကို ဟန့်တားသည်ဟု မြင်မိကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့မှ မေးခွန်း ၂၅ ခုကိုသာ ဖြေဆိုမည်ဖြစ်သောကြောင့် လွှတ်တော်အစည်းအဝေး အစီအစဉ်များကို ပြောင်းလဲခဲ့ရပြီး အစိုးရအဖွဲ့မှ ဖြေကြားခြင်းမရှိသော မေးခွန်းများကိုလည်း ဖြုတ်ချခဲ့ရကြောင်း ၎င်းက ထပ်မံပြောသည်။

    ပေါင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက “မဖြေဘူးလို့တော့ မပြောဘူး၊ ဖြေဆိုဖို့ အချိန်မလုံလောက်ပါသဖြင့် ၂၅ ခုပဲ ဖြေမယ်ပေါ့။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက လိုအပ်လို့မေးတာပါ၊ ရတဲ့အချိန်လေးမှာ ဖြေစေချင်တာပါ၊ အစိုးရအဖွဲ့ကပြောတယ် အချိန်မလုံလောက်တဲ့အတွက် နောက်လာမယ့် လွှတ်တော်မှာ ဖြေမယ်”ဟု ပြောသည်။

    လွှတ်တော်ကိုယ်စားလှယ်အများစုသည် ၎င်းတို့ မေးမြန်းသော မေးခွန်း၏ အဖြေများကို လွှတ်တော်ကျင်းပသည် ၈ ရက်တာ ကာလအတွင်း၌သာ အပြီးသတ် ဖြေကြားစေလို့ကြောင်း ၎င်းက ဆက်ပြောသည်။

    သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင်မေးခွန်းများ မေးမြန်းရခြင်းသည် ကိုယ်ကျိုးအတွက် မေးမြန်းနေခြင်းမဟုတ်ကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

    “မေးခွန်းမေးတာက ကျွန်မတို့ အကျိုးအတွက်မဟုတ်ဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေဆီ ရောက်လာတဲ့ တိုင်စာ၊ အသနားခံစာ၊ အသိပေးစာတွေ ပြည်သူ့အသံ၊ ပြည်သူ့သဘောထားတွေကို အခြေခံပြီး မေးရတာဖြစ်ပါတယ်”ဟု  ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

    ပြီးခဲ့သည့် ဇွန်လအတွင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) တွင် ပြည်နယ်အစိုးရအဖွဲ့မှ နှုတ်ဖြင့်သာဖြေကြားခဲ့ပြီး အဖြေမှတ်တမ်းစာရွက်များ ပေးအပ်ခြင်းမရှိပေ။

    Caption- မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိ(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks