Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့များ UN သံရုံးနှင့် INGO များသို့ တိုက်ရိုက်ဆက်သွယ်အကူအညီတောင်းခံမှု မလုပ်ရန် အစိုးရ ညွှန်ကြား

    အပစ်ရပ်အဖွဲ့များ UN သံရုံးနှင့် INGO များသို့ တိုက်ရိုက်ဆက်သွယ်အကူအညီတောင်းခံမှု မလုပ်ရန် အစိုးရ ညွှန်ကြား

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၂၀)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကုလသမဂ္ဂအဖွဲ့အစည်းများ UN၊ သံရုံးနှင့် INGO များသို့ တိုက်ရိုက်ဆက်သွယ် အကူအညီတောင်းခံမှု မပြုလုပ်ရန် အစိုးရ ညွှန်ကြားလိုက်ကြောင်း သတင်းရရှိသည်။

    အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) များအနေဖြင့် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များအား ကုလသမဂ္ဂ UN အဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံးများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ(INGO) များထံ တိုက်ရိုက် ဆက်သွယ် အကူအညီတောင်းခံခြင်း မလုပ်ရန် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ညွှန်ကြားချက်ထုတ်ပြန်ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ဆိုသည်။

    “ဒီလိုစည်းကမ်းချက်တွေကို NCA ထဲမှာ တိတိကျကျ ပြထားတာ မရှိဘူး။ Bilateral မှာလည်း ဖော်ပြထားတာ မရှိဘူးဆိုတော့ ကျနော်တို့ PPST အစည်းအဝေးပွဲမှာ ပြန်တင်ပြပြီး NCA – EAO တွေရဲ့ သဘောထားမှတ်ချက် ပြန်ယူရမယ်” ဟု နိုင်အောင်မငေးက ပြောသည်။

    EAO များအနေဖြင့် အကူအညီများ ရယူလိုပါက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC သို့ ဦးစွာ တင်ပြ၍ ခွင့်ပြုချက် တောင်းခံသွားရန် အကြောင်းကြားလာကြောင်း၊ NRPC ၏ မူဝါဒများနှင့် လမ်းညွှန်ချက်များကို သိရှိလိုက်နာ ညှိနှိုင်းဆောင်ရွက်ရန် အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်ဟု ဆိုသည်။

    “ပြည်သူလူထုတွေခံစားရမယ့် NCA အကျိုးအမြတ်တွေပေါ့၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ တစ်ဆို့မှုတွေ ဖြစ်ပေါ်လာနိုင်တယ်၊ ယုံကြည်မှုတွေ နားလည်မှုတွေ တစ်ခုခုဖြစ်လာခဲ့ရင်တော့ ကြန့်ကြာမှုတွေ တစ်ဆို့မှုတွေ ပိုပြီးဖြစ်လာနိုင်တယ်” ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

    အဆိုပါ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၏ ညွှန်ကြားချက်ကို ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ဥက္ကဌကိုယ်စား စက်တင်ဘာ(၃) ရက်နေ့စွဲဖြင့် လက်မှတ်ရေးထိုး၍ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့သို့ အသီသီးပေးပို့ထားကြောင်း သိရသည်။

    Photo- အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၏ ညွှန်ကြားစာ(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks